Miranda Hollingshead လို့ အမည်ရတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တဦးဟာ Youtube က စိန်ရှာနည်း ဗီဒီယိုတွေကို ကြည့်ပြီး အပျော်တမ် းစိန်ရှာထွက်ရာမှ ၃ ဒဿမ ၇၂ ကာရက်ရှိတဲ့ အဝါရောင် စိန်တုံးကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံက Arkansas State Park ဟာ ကမ္ဘာလှည့်ခရီးသွားတွေ စိန်ဝင်ရောက် တူးဖော်နိုင်တဲ့ ကမ္ဘာ့တခုတည်းသော နေရာဖြစ်ပါတယ်။ အဲဒီမှာ စိန် လာရောက် ရှာဖွေသူတွေဟာ သူတို့ကိုယ်တိုင် တူးဖော်နိုင်တဲ့ စိန်ကို အပိုင်ယူခွင့် ရှိတာကြောင့် ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို အထူးရရှိတဲ့ နေရာတခုဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ Bogata မြို့မှာ နေထိုင်တဲ့ Miranda Hollingshead တို့ မိသားစုဟာလည်း မိသားစု ခရီးထွက်ဖို့ ရည်ရွယ်ချက်တဲ့ စိန်ရှာတဲ့ နေရာကို လာရောက် လည်ပတ်တာ ဖြစ်တယ်လို့ သိရပါတယ်။
“နေအရမ်းပူတော့ ကျမက အရိပ်အောက်မှာထိုင်ပြီး Youtube ကနေ စိန်ရှာနည်း ဗီဒီယိုကို ထိုင်ကြည့်နေတာ။ ပြီးတော့ ကျမ ကလေးတွေကို ကြည့်ပြီး ဖုန်းပြန်ကြည့်တဲ့ အချိန် မျက်လုံးထဲ လက်ခနဲ တခုခုကို တွေ့လိုက်တာ။ အဲဒါနဲ့ သွားကြည့်တော့ ကျောက်ခဲတွေထဲ ရောနေတဲ့ အဝါရောင် စိန်ပွင့်ကို တွေ့တော့တာပဲ။ ကျမလည်း သွားကောက်ပြီး ကျမအမေကို သွားပြလိုက်တယ်”လို့ Miranda Hollingshead က ဒေသခံသတင်းဌာနတွေကို ပြောပါတယ်။
သူ ကောက်တွေ့ခဲ့တဲ့ စိန်တုံးကို သက်ဆိုင်ရာ စိစစ်ရေး ဌာနကို သွားပြတဲ့အခါ ၃ ဒဿမ ၇၂ ကာရက် ရှိတဲ့ အဝါရောင် အဖိုးတန်စိန် ဖြစ်ကြောင်း ဌာနက အတည်ပြုပေးခဲ့ပါတယ်။
Miranda ရှာဖွေတွေ့ရှိခဲ့တဲ့ စိန်ပွင့်အဝါရောင်ကို ၂၀၁၃ ခုနှစ်မှာလည်း ခရီးသွားတယောက်က တွေ့ရှိခဲ့ဖူးပါသေးတယ်။ ၂၀၁၇ ခုနှစ်က ဆယ်ကျော်သက် အပျော်တမ်း စိန်ရှာသူ တယောက် ရှာဖွေ တွေ့ရှိခဲ့တဲ့ ၇ ဒဿမ ၄၄ ကာရက် ရှိတဲ့ စိန်ပြီးရင် အခုတွေ့တဲ့ စိန်က အကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။
Ref. Inside Edition
You may also like these stories:
မိခင်ကို ယွမ် ၈၈၀၀ တန် စိန်လက်စွပ် ဝယ်ပေးခဲ့တဲ့ ၁၀ နှစ်သား ကောင်လေး
အစစ်လား အတုလား အငြင်းပွားနေကြတဲ့ စိန်စီထားတဲ့ လေယာဉ် ဂယက်
ပင်လယ်ထဲက ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးတန်ပစ္စည်းများ