ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အလုပ်လုပ်တဲ့ လမ်းသန့်ရှင်းရေး ဝန်ထမ်း မိန်းကလေးဟာ သူ့ရဲ့ ခွေးလေးကို နေ့စဉ် ကျောပိုးပြီး အလုပ်လုပ်လေ့ ရှိတာကြောင့် ထိုင်းနိုင်ငံရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေပန်းစားနေပါတယ်။ သခင်ဖြစ်သူ မိန်းကလေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နေထိုင်တဲ့ Thitirat Keawaram ဆိုသူ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ သတင်းတွေမှာ ဖော်ပြထားပါတယ်။
“Mazda” လို့ အမည်ရတဲ့ ခွေးလေးဟာ အသက် ၁ နှစ်သား အရွယ်ရှိပြီ ဖြစ်ပြီး သခင်ရဲ့ နောက်ကျောမှာ အေးအေးဆေးဆေး ထိုင်ကာ အဖော်ပြုလေ့ ရှိပါတယ်။ ခွေးလေးရဲ့ သခင်ဖြစ်သူ၊ လမ်းသန့်ရှင်းရေး ဝန်ထမ်း မိန်းကလေးဟာ သူ့ကို အဖော်ပြုဖို့ ခွေးလေးတကောင် လိုချင်လို့ ချစ်သူကို ပူဆာခဲ့ပြီး ချစ်သူက ခွေးမွေးမယ်ဆိုရင် အလုပ်ထဲကို ခွေးကို ခေါ်သွားနိုင်မှ မွေးရမယ်ဆိုတဲ့ ကတိကို တောင်းခဲ့ပါတယ်။
“ကျမက ကျမချစ်သူကို ကတိပေးနိုင်ခဲ့တဲ့ အတွက် ခွေးမွေးခွင့်ရခဲ့တာပါ”လို့ အဲဒီ မိန်းကလေးက Reuters သတင်းဌာနကို ဖြေခဲ့ပါတယ်။
ခွေးကလေးဟာ အလေးချိန် ၁၀ ကီလိုခန့်ရှိပြီး သခင်ဖြစ်တဲ့ Thitirat Keawaram ကတော့ အဲဒီလောက်အလေးချိန်ကို အေးဆေးစွာ သယ်နိုင်တယ်လို့ ပြောပါတယ်။ မိုးရွာတဲ့ နေ့တွေမှာဆိုရင်လည်း ခွေးလေးကို မိုးကာအင်္ကျီ ဝတ်ပေးပြီး အလုပ်ကို ခေါ်လာလေ့ ရှိတယ်လို့ သိရပါတယ်။
Ref. Says.com
You may also like these stories:
မာရသွန်ပြေးရင်း တွေ့တဲ့ ခွေးလေးကို မွေးစားခဲ့တဲ့ အမျိုးသမီး
“Lady and the Tramp” ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ ကယ်ဆယ်ရေးစခန်းမှ ခွေးလေးကို ရွေးချယ်
ကြောင်စာကျွေးလို့ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီး
ခွေးမွေးထားသူတွေဟာ ပျော်ရွှင်မှုအရှိဆုံး လူသားတွေ ဖြစ်ကြောင်း လေ့လာ တွေ့ရှိ