ကလေးတွေအတွက် လိုအပ်နေတဲ့ ကျောင်းသုံးလွယ်အိတ်တွေ ဝယ်ယူဖို့ ပါလက်စတိုင်းနိုင်ငံကို တရုတ်နိုင် ငံက ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့ပါတယ်။ လူသားချင်း စာနာထောက်ထားမှုကို ရည်ရွယ်တဲ့ နားလည်မှု စာချွန်လွှာကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ကပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ညွှန်ကြားရေးမှူး Guo Wei နဲ့ ပါလက်စတိုင်းကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး Amjad Ghanem တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒါကြောင့်လည်း ပါလက်စတိုင်းအစိုးရက ဝေးလံပြီး ဆင်းရဲချို့တဲ့တဲ့ ပါလက်စတိုင်းဒေသက ကလေးတွေအတွက် လွယ်အိတ် စုစုပေါင်း ၁ သောင်းခွဲနဲ့ ၂ သောင်းကြား ဝယ်ယူ လှူဒါန်းသွားမယ်လို့ ပါလက်စတိုင်း ကောင်စီ အထွေထွေအတွင်းရေးမှူး Ghanem က ပြောပါတယ်။
အခုလို ထောက်ပံ့ လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကို ပါလက်စတိုင်း အစိုးရကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ လာမယ့် ပညာသင်နှစ်အစမှာ ကလေးတွေကို ကျောင်းသုံးလွယ်အိတ်တွေ ထောက်ပံ့ပေးသွားမယ်လို့ Ghanem က ဆက်ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့လည်း ပါလက်စတိုင်းနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၅ သန်း ထောက်ပံ့သွားဖို့ ရှိနေပြီး အခု လှူဒါန်းငွေဟာ အစိတ်အပိုင်း တရပ်အနေနဲ့ ပါဝင်ပါတယ်။ အထူးသဖြင့် ဂါဇာ (Gaza) ကမ်းမြောင်ဒေသမှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံနဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် စီမံကိန်း ၁ ဒါဇင်လောက် ရှိနေပါတယ်။
အခုလို ကျောင်းသုံးလွယ်အိတ်တွေကို လှူဒါန်းခဲ့တဲ့အတွက် ပါလက်စတိုင်း ပြည်သူတွေအနေနဲ့ အနည်းငယ် သက်သာရာရစေပါလိမ့်မယ်။ တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေကလည်း ပါလက်စတိုင်းနိုင်ငံကို နောက်ထပ် ထောက်ပံ့ပေးသွားမှာဖြစ်သလို ပါလက်စတိုင်း ပြဿနာတွေကိုလည်း ဖြေရှင်းပေးသွားမယ်လို့ Guo က ပြောပါတယ်။
Ref. Xinhuanet
You may also like these stories:
အမေဇုန် မီးဘေးအတွက် ဒေါ်လာ ၅ သန်း လှူဒါန်းလိုက်တဲ့ မင်းသား လီယိုနာဒို ဒီကာပရီယို
ခြင်္သေ့ မျိုးသုဉ်းလာခြင်းကို ကာကွယ်ဖို့ “Lion King” ကရတဲ့ အမြတ်ငွေတချို့ Disney လှူဒါန်း