Economist Intelligence Unit (EIU) က ကမ္ဘာပေါ်မှာ လုံခြုံမှုအရှိဆုံး မြို့စာရင်းကို နှစ်စဉ်ထုတ်ပြန် ပေးလေ့ ရှိပါတယ်။ ၂၀၁၉ ခုနှစ်အတွက် မြို့ ပေါင်း ၆၀ ကို စစ်တမ်းကောက်ယူပြီး အဆင့်ခွဲခြား သတ်မှတ်ပေးခဲ့ပါတယ်။
EIU ရဲ့ အဆင့်သတ်မှတ်ချက်တွေဟာ အဆောက်အဦတွေရဲ့ လုံခြုံရေး၊ လူတဦးချင်းစီတိုင်းရဲ့ လုံခြုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ် စတာတွေ အပါအဝင် အချက်ပေါင်း ၅၇ ချက်မှာအခြေခံပြီး အဆင့်သတ်မှတ် ပေးခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဟာ ကမ္ဘာ့အလုံခြုံဆုံး မြို့ကြီးတွေရဲ့ စာရင်းမှာ အဆင့် ၄၇ နေရာက ရပ်တည်နေပါတယ်။ ၂၀၁၅ စစ်တမ်းအရ ဘန်ကောက်မြို့ဟာ အဆင့် ၃၉ နေရာမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ဘန်ကောက်မြို့ရဲ့ လုံခြုံရေးအခြေအနေက နိမ့်ကျသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဘန်ကောက်မြို့ရဲ့ အဆင့် ရပ်တည်ချက်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်နဲ့ တူတူပါပဲ။ အာဆီယံဒေသတွင်းမှာဆိုရင် စင်ကာပူ၊ ကွာလာလမ်ပူ၊ မနီလာမြို့တော်တို့ထက် ဘန်ကောက်မြို့က လုံခြုံရေး ပိုမိုနိမ့် ကျနေပါတယ်။
မြို့ပေါင်း ၆၀ ကို စစ်တမ်းထုတ်ခဲ့ရာမှာ အာရှနိုင်ငံအတွင်းက မြို့ကြီး ၃ မြို့က ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ ၂၀၁၉ ခုနှစ်အတွက် လုံခြုံမှုအရှိဆုံးမြို့ကြီး ၃ မြို့ကတော့ တိုကျို ၊ စင်ကာပူနဲ့ အိုဆာကာမြို့တို့ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့ကတော့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။
အာဆီယံဒေသအတွင်းမှာဆိုရင် မြန်မာနိုင်ငံက အဆင့် ၅၈ နေရာမှာ ရပ်တည်နေပါတယ်။ ဂျာကာတာမြို့တော်က အဆင့် ၅၃၊ ဘန်ကောက်နဲ့ ဟိုချီမင်းက အဆင့် ၄၇ ၊ မနီလာမြို့တော်က အဆင့် ၄၃ ၊ ကွာလာလမ်ပူက အဆင့် ၃၅ နဲ့ စင်ကာပူက အဆင့် ၂ နေရာတို့ကနေ အသီးသီး ရပ်တည်နေကြပါတယ်။
Ref. Bangkokpost, Thaivisa
You may also like these stories:
၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ အကောင်းဆုံး ကမ်းခြေစာရင်းမှာ ငပလီ ပါဝင်
ကမ္ဘာပေါ်က အသန့်ရှင်းဆုံး နိုင်ငံများ
ကမ္ဘာမှာ လုံခြုံစိတ်ချမှု အရှိဆုံးအဖြစ် ရွေးချယ်ခံထားရတဲ့ မြို့ကြီး ၁၀ မြို့