အမေရိကန်နိုင်ငံ၊ အလာဘားမားပြည်နယ်မှာ ထောင်ဒဏ် တသက်တကျွန်းကျနေတဲ့ အမျိုးသားဟာ ထောင်အတွင်း ၃၆ နှစ်ကြာ နေထိုင်ပြီးနောက် ပြန်လွတ်တော့မယ်လို့ သိရပါတယ်။ သူဟာ ၁၉၈၃ ခုနှစ်မှာ မုန့်တိုက်တခုကနေ အမေရိကန်ဒေါ်လာ ၅၀ ခန့်ကို လုယက်ခဲ့တာကြောင့် ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရ ဖြစ်ပါတယ်။
Alvin Kennard ဟာ အသက် ၂၂ နှစ်အရွယ်မှာ ၁၉၇၀ နှစ်များက ပြဋ္ဌာန်းခဲ့တဲ့ အဖန်တလဲလဲ ပြစ်မှုကျူးလွန်သူများအတွက် ပြုလုပ်ထားတဲ့ ဥပဒေအရ ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်တာကို ခံခဲ့ရပြီး ပြန်လွတ်တော့မှာလည်း ဖြစ်ပါတယ်။
ယခင်က ဥပဒေကြောင့် အခုလို ထောင်ဒဏ် တသက်တကျွန်းကျခံရတာ ဖြစ်ပြီး အခုအချိန်မှာဆိုရင် အဲဒီလို ပြည်သူများကို နာကျင်လိုခြင်း မရှိတဲ့ ပြစ်ဒဏ်ကို ကျူးလွန်ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ၂၁ နှစ်အထိသာ ကျခံရမယ်လို့ ပြုပြင် ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ပြင်ဆင်လိုက်တဲ့ ဥပဒေအရ ပြစ်မှုကျူးလွန်သူက ကတိဝန်ခံချက် ပေးနိုင်ရင် ပြန်လွှတ်နိုင်တယ်လို့ ပါရှိပါတယ်။
Alvin Kennard ရဲ့ ရှေ့နေဖြစ်တဲ့ Attorney Bill North ကတော့ “Alvin Kennard ဟာ ထောင်ထဲမှာ နေထိုင်တဲ့အချိန်မှာလည်း စံပြဖြစ်အောင် နေနိုင်ခဲ့တယ်။ သူ့အတွက် ဒီလို ဆိုးရွားတဲ့ ပြစ်ဒဏ်မျိုးတွေ ခံရဖို့ မထိုက်တန်ပါဘူး။ သူ ထောင်ကျနေတဲ့အချိန် လာတွေ့တဲ့ မိသားစုဝင်တွေ ရှိတယ်။ ထောင်ကထွက်ပြီးသွားရင်တော့ မိသားစုရဲ့ စောင့်ရှောက်မှုကို ခံယူပြီး သူ ကောင်းကောင်းမွန်မွန် နေထိုင်သွားမှာပါ”လို့ ABC သတင်းဌာနကို ပြောပါတယ်။
Alvin Kennard ရဲ့ အမှုကို အခုအချိန်မှာ ပြန်လည် ကိုင်တွယ်နေပြီ ဖြစ်ပြီး မကြာခင် ရက်အနည်းငယ် အတွင်းမှာ ပြန်လွှတ်တော့မယ်လို့ သိရပါတယ်။
Ref. ABC