အိန္ဒိယနိုင်ငံရဲ့ အပူပိုင်းဒေသတွေမှာ မျိုးစိတ် ၂၇၀ ထက် မနည်းတဲ့ မြွေတွေကို တွေ့ရှိနေရပြီး အဲဒီမျိုးစိတ်တွေထဲက ၆၀ ကသာ အဆိပ်ရှိတဲ့ မြွေမျိုးစိတ်တွေ ဖြစ်ပါတယ်။ လူဦးရေ ထူထပ်တဲ့ နိုင်ငံတနိုင်ငံဖြစ်တာကြောင့် ကျေးလက်ဒေသမှာ နေထိုင်သူတွေဟာ မြွေကိုက်ခံခြင်းကြောင့် အသက်ဆုံးရှုံးမှုကို မကြာခဏဆိုသလို ရင်ဆိုင်နေကြရပါတယ်။
နှစ်တိုင်းနှစ်တိုင်း အိန္ဒိယနိုင်ငံမှာ မြွေကိုက်ခံရခြင်းကြောင့် အသက်ဆုံးရှုံးမှု ၄၆,၀၀၀ အထိ ဖြစ်ပွားနေပြီး ဆေးရုံတိုင်းမှာ မြွေဆိပ်ဖြေဆေး လုံလုံလောက်လောက် မရှိတာ၊ ဆေးကုသမှုပိုင်းမှာ အားနည်းချက်တွေ ရှိနေတာတွေကြောင့်လို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။
မြွေတွေကို အထူးပြု လေ့လာသူတဦးဖြစ်တဲ့ Jose Louies ဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခုလို ပြဿနာတွေကို ဖြေရှင်းဖို့ သူ့ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့တယ်။ အဆိပ်ရှိတဲ့မြွေ အကိုက်ခံရမှုကြောင့် အသက်သေဆုံးမှုတွေကို ကာကွယ်ပေးနိုင်ဖို့နဲ့ မြွေတွေ သတ်ဖြတ်ခံရမှု မရှိအောင် ကာကွယ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
Jose ဟာ သူ့ရဲ့ စိတ်ကူးကို “Big Four Mapping Project” လို့ နာမည်တပ်ထားတာဖြစ်ပြီး Big Four ဆိုတာကတော့ အိန္ဒိယရဲ့ အဆိပ်အပြင်းဆုံးနဲ့ အသက်အန္တရာယ် ဆုံးရှုံးမှုကို အဓိက ဖြစ်ပေါ်စေနိုင်တဲ့ မြွေဟောက်၊ မြွေပွေး၊ ခလောက်မြွေနဲ့ ငန်းတော်ကြား စတဲ့ မြွေတွေကို ညွှန်းဆိုတာပဲ ဖြစ်ပါတယ်။
ဒီပရောဂျက်မှာဆိုရင် အခန်းကဏ္ဍ ၂ ခု ပါဝင်ပြီး ပထမ တခုကတော့ Android Application ဖြစ်ပြီး ဒုတိယတခုကတော့ နိုင်ငံအနှံ့က မြွေနဲ့ပတ်သက်တဲ့ အန္တရာယ်တွေကို ကူညီဖြေရှင်းပေးဖို့ Volunteer ပေါင်း ၁၂၀၀ ပါဝင်တဲ့ ကွန်ရက်တခုပဲ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် နှစ်အစမှာ ဒီ Big Four Mapping ပရောဂျက်ကို စတင်ခဲ့တာဖြစ်ပြီး Application ကိုလည်း Download သုံးစွဲသူပေါင်း ၁ သောင်းထက်မနည်း ရှိလာပြီ ဖြစ်ပါတယ်။ App ကနေ ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အိန္ဒိယ အစိုးရအနေနဲ့ပါ သိရှိနိုင်တာကြောင့် မြွေဆိပ်ဖြေဆေး လိုအပ်နေတဲ့ နေရာဒေသတွေကို နောက်ပိုင်း အချိန်တွေမှာ ဖြန့်ဝေပေးနိုင်တော့မှာ ဖြစ်ပါတယ်။
You may also like these stories:
သခင်ရဲ့နားကြပ်ကို ကိုက်ဖြတ်မိလို့ မြွေအသေကို အစားလျော်ပေးတဲ့ ကြောင်လေး
မြွေဆိပ်ဖြေဆေး ကျေးလက်အထိ ချပေးမည်
ကမ္ဘာတဝှမ်းက ထူးထူးခြားခြား တိရစ္ဆာန်များနဲ့ နှိပ်ပေးတဲ့ ဝန်ဆောင်မှုများ