ချက် သမ္မတနိုင်ငံက ဆရာဝန်တွေဟာ ပြင်းထန်စွာ လေဖြတ်ပြီး ဦးနှောက်သေသွားတဲ့ အမျိုးသမီးဆီက သန္ဓေသားကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။
အဲဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ကျန်းမာတဲ့ သမီးငယ်လေးကို မွေးဖွားခဲ့တာ ဖြစ်ပြီး ကလေးငယ်ဟာ ၂ ဒဿမ ၁၃ ကီလိုဂရမ် အလေးချိန်ရှိပြီး အရပ်အမြင့်ကတော့ ၄၂ စင်တီမီတာရှိတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ဆေးလောကရဲ့ မှတ်တမ်းအသစ်တရပ်ဖြစ်တယ်လို့ Brno တက္ကသိုလ်ဆေးရုံက ထုတ်ပြန်ခဲ့ပါတယ်။
ဦးနှောက် သေဆုံးထားတဲ့ မိခင်ဟာ သန္ဓေသားကို ၁၁၇ ရက်ကြာ ကိုယ်ဝန်ဆောင်ခဲ့ရပြီး ဆရာဝန်တွေက သားအိမ်အတွင်း သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို အကူအညီပေးနိုင်ဖို့ အတွက် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းလုပ်သလို အမျိုးသမီးရဲ့ ခြေထောက်တွေကို လှုပ်ရှားပေးခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၇နှစ်အရွယ် အမျိုးသမီးဟာ ကိုယ်ဝန်ဆက်ပြီး ဆောင်ထားနိုင်ဖို့ အသက်ကယ် ကိရိယာတွေ တပ်ဆင်ပြီး ၃၄ ပတ်တိတိ နေထိုင်ခဲ့ပြီးနောက်မှာ ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကလေးမွေးဖွားပြီး နောက်မှာတော့ အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းအပါအဝင် အခြားမိသားစုတွေ အားလုံးကို စုစည်းစေပြီး အသက်ကယ် ကိရိယာကို ဖြုတ်ကာ ကွယ်လွန်စေခဲ့ပါတယ်။
“ဒါဟာ တကယ့်ကို အံ့မခန်းပါပဲ။ မိသားစုဝင် အားလုံးက သဘောတူစွာ ရပ်တည်ခဲ့ကြတယ်။ သူတို့ရဲ့ စိတ်ဝင်စားမှုတွေနဲ့ အထောက်အပံ့တွေ မပါဘဲ ဒီလို အောင်မြင်စွာပြီးဆုံးဖို့ ဆိုတာ လုံးဝ မသေချာပါဘူး” လို့ သားဖွားမီယပ်ဌာနရဲ့ ဌာနမှူး Pavel Ventruba က သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
Ref. Globalnews.ca
You may also like these stories:
မိဘတွေကို စာပြန်မှ ဖုန်း Unblock ဖြုတ်လို့ရမယ့် App ကို တီထွင်လိုက်တဲ့ ဖခင်
မြန်မာ့ဆေးလောက၏ အောင်မြင်မှုနှင့် မနန်းစိုး၊ မနန်းစံ မွေးဖွားခြင်း