အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်းဟာ ကျန်းမာရေးနဲ့ အသက်ရှည်ရှည် နေထိုင်ရာမှာ အထောက်အကူပြုကြောင်း သုတေသန တော်တော်များများမှာ ဖော်ပြထားပါတယ်။ ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေဟာ သူတို့ရဲ့ ပိုင်ရှင်တွေ ကြုံတွေ့နေရတဲ့ စိုးရိမ်လွန်တာ၊ စိတ်ဓာတ်ကျတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအပြင် သွေးဖိအားကိုပါ လျော့ကျစေတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။
ဒါကြောင့်ပဲ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မှာရှိတဲ့ အကျဉ်းထောင်တွေမှာ၂၀၁၅ ခုနှစ်ကစပြီး F.O.R.W.A.R.D လို့ခေါ်တဲ့ ပရောဂျက်တခုကို တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေနဲ့ အတူ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသားတွေအတွက် အကောင်အထည် ဖော်ဆောင်ခဲ့ပါတယ်။
ဒီပရောဂျက်ဟာဆိုရင် လေလွင့် ကြောင်တွေထဲကမှ ဘယ်ကြောင်ကိုမဆို အကျဉ်းသားတွေအနေနဲ့ ဆန္ဒရှိသလို စောင့်ရှောက်ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့ ပရောဂျက် တခုဆိုလည်း မမှားပါဘူး။ ဒီပရောဂျက်ကြောင့်ပဲ နှစ်ရှည်လများ စွန့်ပစ်ခံထားရတဲ့ ကြောင်တွေဟာ မွေးစားခံရတာ နည်းပါးတဲ့ ဖြစ်ရပ်ကို လျှော့ချနိုင်မှာဖြစ်ပြီး လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုကို အကျဉ်းသားတွေဆီကနေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
FORWARD ပရောဂျက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စ Michelle Rains က “လေလွင့်ကြောင်တွေကို မွေးမြူဖို့ လျှောက်ထားလာတဲ့ အကျဉ်းသားတွေကို ကျမတို့အနေနဲ့ ကြောင်တွေကို သေသေချာချာ ဂရုစိုက်နိုင်ခြင်း ရှိ၊ မရှိ အင်တာဗျူး မေးမြန်းခေါ်ဆိုမှာပါ”
“အိမ်မွေး တိရစ္ဆာန်တွေ မွေးမြူတယ်ဆိုတာက ကောင်းမွန်တဲ့ ကိစ္စရပ်တခုပါ။ အခုပြုလုပ်လိုက်တဲ့ အစီအစဉ်ကနေ အိမ်မွေး တိရစ္ဆာန်တွေအတွက်ရော၊ အကျဉ်းသားတွေအတွက်ပါ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မှာပါ”လို့ ပြောဆိုခဲ့ပါတယ်။
အကျဉ်းထောင်တွေမှာ အိမ်မွေး တိရစ္ဆာန်တွေ မွေးမြူခွင့် ရရှိမယ့် ပရောဂျက်ကို အမေရိကန်နိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တိုင်းလိုလိုမှာ ပျံ့နှံ့နိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
Ref. www.healthyfoodhouse.com