လမ်းတွေ ပျက်စီးယိုယွင်းတာ၊ မြောင်းအဖုံးတွေ မရှိတာနဲ့ ချိုင့်ခွက်ထနေတဲ့ အခြေအနေမျိုးတွေကို လမ်းပေါ်မှာ သွားလာလှုပ်ရှားနေသူတိုင်း တွေ့ကြုံဖူးကြမှာပါ။
ဒီလိုဖြစ်ပေါ်နေတဲ့ လမ်းမတွေပေါ်မှာ သွားလာလှုပ်ရှားနေသူတွေက အသွားအလာမပျက် လျစ်လျူရှုနိုင်ပေမယ့် အိန္ဒိယနိုင်ငံသား ပန်းချီပညာရှင်တဦးကတော့ သူကျွမ်းကျင် တတ်မြောက်ထားတဲ့ ပန်းချီပညာနဲ့ လမ်းတွေ ပြုပြင်ဖို့ လိုအပ်နေကြောင်း အစိုးရကို သတိပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံသား ပန်းချီပညာရှင် Baadal Nanjundaswamy ဟာ ချိုင့်ခွက်တွေပြည့်နေပြီး ယိုယွင်းပေါက်ပြဲနေတဲ့ အိန္ဒိယနိုင်ငံ Bangalore ကတ္တရာလမ်းမပေါ်မှာ သူကျွမ်းကျင် တတ်မြောက်ထားတဲ့ 3D Painting ပန်းချီပညာနဲ့ အနုပညာ လက်ရာမြောက်တဲ့ ဖန်တီးမှုတွေကို စတင်ရေးဆွဲခဲ့ပါတယ်။ သူဟာ မြောင်းဖုံးတွေ၊ သွားလာလို့ မရအောင် ပျက်စီးနေတဲ့ လမ်းချိုင့်ခွက်တွေပေါ်မှာ အဓိကထား ရေးဆွဲခဲ့တာပါ။
ပြန်လည် ပြင်ဆင်ဖို့ လိုအပ်နေတဲ့ လမ်းချိုင့်ခွက်တွေပေါ်မှာ တောက်ပတဲ့ ဆေးရောင်စုံတွေနဲ့ ရေးဆွဲခြယ်သထားတဲ့ ပန်းချီပုံတွေကို ဗီဒီယိုရိုက်ကာ ဆိုရှယ်မီဒီယာတွေပေါ် တင်ခဲ့ပြီး မိနစ် အနည်းငယ်အတွင်းမှာပဲ ကြည့်ရှုသူပေါင်း ၂ သောင်းကျော်နဲ့ Comment ပေါင်း ၇ ထောင်ကျော်ခန့် ရရှိခဲ့တာ ဖြစ်ပါတယ်။
သူရေးဆွဲထားတဲ့ ပန်းချီပုံတွေနဲ့ သူ့ရည်ရွယ်ချက်ကို လူအများက ချီးကျူးထောက်ခံခဲ့ကြပြီး လမ်းတွေဟာ အမှန်တကယ် ပြင်ဆင်ဖို့ လိုအပ်နေကြောင်းကို အာဏာပိုင်တွေကို ဝိုင်းဝန်း တောင်းဆိုခဲ့တဲ့အတွက် အစိုးရအနေနဲ့ အခုဆိုရင် Bangalore လမ်းမရဲ့ တချို့သောနေရာတွေမှာ မြောင်းဖုံးတွေ ပြန်လည် တပ်ဆင်တာ၊ ယိုယွင်းပျက်စီးနေတဲ့ လမ်းတွေကို ပြန်လည် ပြုပြင်တာတွေကို လုပ်ဆောင်လာနေပြီ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပန်းချီပညာရှင် Baadal Nanjundaswamy က “ကျနော့်အနေနဲ့ နေ့တိုင်း သွားလာနေတဲ့ လမ်းမတွေ ဒီလောက် ပျက်စီးနေတာကို ဒီတိုင်း ကြည့်မနေနိုင်လို့ လုပ်လိုက်တဲ့ သဘောပါ။ ဘယ်သူ့ကိုမှ တိုက်ခိုက် ပြစ်တင်လိုစိတ်တွေ မရှိပါဘူး။ ကျနော့်ရဲ့ရည်ရွယ်ချက်ကို လူအများက လက်ခံနားလည်ပြီး အခုလို ဝိုင်းဝန်းကူညီကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။
Ref. www.boredpanda.com
You may also like these stories:
GPS စနစ်ကို အသုံးပြုပြီး ပြေးရင်း ပုံဆွဲတဲ့ အမျိုးသား
ကွယ်လွန်ခဲ့တာ ၁၂၉ နှစ် ပြည့်သွားပြီ ဖြစ်တဲ့ ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး
ကမ္ဘာကျော် ပန်းချီပညာရှင်ကြီး ပီကာဆို အကြောင်း