လွန်ခဲ့တဲ့ ၃ နှစ်ကျော်ခန့် အချိန်တုန်းက အဘွားအို Millie ဟာ သူမရဲ့ ၁၀၃ နှစ်မြောက်မွေးနေ့ကို စားသောက်ဆိုင်တဆိုင်မှာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
မွေးနေ့ပွဲမှာ ဘီယာကို တခွက်ပြီးတခွက် နှစ်ခြိုက်စွာ သောက်သုံးနေတဲ့ Millie ကို မွေးနေ့ပွဲ လာရောက်တဲ့ ဧည့်သည် အပေါင်းအသင်းတွေနဲ့ ဖိတ်ကြားထားတဲ့ သတင်း မီဒီယာသမားတွေက ဒီအသက်အရွယ်ထိ ဒီလောက် သောက်နိုင်တာကြောင့် အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။
မွေးနေ့ပွဲ ပြီးဆုံးသွားတဲ့နောက်ရက်မှာတော့ WCSC သတင်းဌာနက အဲဒီ အဘွားအိုနဲ့ တွေ့ဆုံပြီး အင်တာဗျူးတခု ပြုလုပ်ခဲ့ပါတယ်။ ဒီအင်တာဗျူးမှာတော့ အသက် ၁၀၀ ကျော်ထိ သက်ရှည် ကျန်းမာနေတဲ့ အဘွားအို Millie ရဲ့ အသက်ရှည်ခြင်း လျှို့ဝှက်ချက်တွေကို မေးမြန်းကြည့်တဲ့အခါ သူဟာ တနေ့ကို ဘီယာ တခွက် ပုံမှန်သောက်သုံးလေ့ ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။
ဘီယာသောက်ရတာ အင်မတန်မှ နှစ်ခြိုက်တဲ့ Millie ဟာ သူ ပြသနေကျ ဆရာဝန်ဆီ နေ့စဉ် ဘီယာသောက်သင့်၊ မသောက်သင့် မေးမြန်းခဲ့တဲ့အခါ တနေ့ကို တခွက်ခန့် သောက်သုံးနိုင်တယ်လို့ ခွင့်ပြုချက် ရရှိချိန်ကစလို့ နေ့စဉ် ဘီယာတခွက် ပုံမှန်လိုလို သောက်သုံးခဲ့တာပါ။
Millie မှာ မွေးချင်းညီအစ်မ ၈ ယောက်ရှိပြီး အားလုံးထဲမှာ သူဟာ အသက်အရှည်ဆုံး ဖြစ်နေတာပါ။ အိမ်ထောင် ၂ ခါ ကျဖူးပေမယ့် ကလေးယူဖို့ ဆန္ဒ မရှိခဲ့တာကြောင့် သားသမီးတွေတော့ သူ့မှာ မရှိပါဘူး။ ဒီအချက်ကပဲ သူ့ကို စိုးရိမ်ပူပန်မှုတွေဆီက ကင်းဝေးစေခဲ့တာလို့လည်း သူက ဖြေကြားခဲ့ပါသေးတယ်။
Millie ဟာ ကမ္ဘာ့အသက်အရှည်ဆုံး လူပုဂ္ဂိုလ်တွေထဲက တဦးဖြစ်တဲ့အပြင် တခြားသူတွေ သူ့ အသက်အရွယ်လောက်မှာ ဖြစ်လေ့ရှိတဲ့ အမြင်အာရုံ ဝေဝါးတာ၊ နားကောင်းကောင်း မကြားရတာနဲ့ မေ့လျော့လွယ်တာမျိုးတွေကိုတောင် မဖြစ်ပေါ်ပါဘူး။
“ကျမက ညနေ ၄ နာရီလောက်ရောက်တာနဲ့ ဘီယာ တခွက်ကို ပုံမှန်လိုလို မပျက်မကွက် သောက်သုံးပါတယ်။ ကိုယ်တိုင်ကလည်း ဘီယာသောက်ရတာ ကြိုက်တော့ နေ့တိုင်းလိုလို တခွက်၊ တခါတလေ မွေးနေ့ပွဲကျရင်တော့ တခွက်ထက်ပိုပြီး သောက်မိတာပေါ့။ အစားအသောက်ဆိုလည်း အသီးအရွက်တွေကို ပိုစားဖြစ်တယ်။ စိတ်ချမ်းသာအောင်နေတယ်”လို့ အဘွားအို Millie က အင်တာဗျူးတွေမှာ ဖြေကြားခဲ့ပါတယ်။
You may also like these stories:
ဘီယာသောက်ခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးများ
နမ်းရှုပ်ခြင်းရဲ့ လူသိနည်းတဲ့ ကောင်းကျိုးများ
အိမ်ရှေ့မှာ ဘီယာ ရောင်းတာကြောင့် ရဲဖမ်းခံခဲ့ရတဲ့ ကလေးငယ်