အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားမှာ နေထိုင်တဲ့ Robert နဲ့ Tiffany Williams တို့စုံတွဲဟာ ဘဏ်ကနေ မှားယွင်းစွာ ထည့်ပေးလိုက်တဲ့ အမေရိကန်ဒေါ်လာ တသိန်းကျော်ကို သုံးစွဲလိုက်တာကြောင့် တရားစွဲခံရဖို့ ရှိတယ်လို့ ပန်ဆယ်ဗေးနီးယားဒေသခံ ရဲဌာနက CBS သတင်းဌာနကို ပြောပါတယ်။
သူတို့ စုံတွဲဟာ ဘဏ်က မှားယွင်းစွာ ထည့်ပေးတဲ့ အမေရိကန်ဒေါ်လာ ၁သိန်း ၂သောင်းကျော်ကို အားလုံးနီးပါး သုံးစွဲခဲ့တာဖြစ်ပါတယ်။ ပိုက်ဆံတွေ အကောင့်ထဲမှားဝင်လာတဲ့ အခါ ဘဏ်နဲ့ ဆက်သွယ်မှုမလုပ်ဘဲ အိမ်အတွက် လိုအပ်တဲ့ ပစ္စည်းများ၊ Chevrolet ကား ၁စီး၊ Four Wheel ၂စီး၊ စခန်းချကား ၁စီးတို့ကို ဝယ်ယူခဲ့တာဖြစ်တယ်လို့ သူတို့က ပြောပါတယ်။
အဆင်မပြေတဲ့ သူငယ်ချင်းတွေကို ကူညီဖို့လည်း ဒေါ်လာ ၁၅၀၀၀ ပေးခဲ့ကြပါသေးတယ်။
ဘဏ်က ပိုက်ဆံကို မေလမှာ မှားယွင်းစွာထည့်ပေးမိတာဖြစ်ပြီး ဇွန်လမှာ စတင်သတိထားမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၆နှစ်နဲ့ အသက် ၃၅နှစ် အသီးသီးရှိတဲ့ သူတို့စုံတွဲကို စက်တင်ဘာလ ၉ ရက်နေ့က ခိုးမှုနဲ့ စွဲချက်တင်ခဲ့ပြီး အာမခံနဲ့ ပြန်လည်လွှတ်ထားပေးကြောင်း သိရပါတယ်။
“ အကောင့်ထဲ ပိုက်ဆံဝင်လာတာနဲ့ ပတ်သတ်ပြီး သူတို့ပိုက်ဆံမဟုတ်မှန်းကို သိကြပေမယ့် သက်ဆိုင်ရာကို ဆက်သွယ်ရမယ့် အစား သုံးစွဲပစ်ခဲ့တာ ဖြစ်တယ်ဆိုပြီး ဝန်ခံထွက်ဆိုထားတယ် ” လို့ ရဲဌာနက ထုတ်ပြန်ထားတဲ့ ကြော်ငြာစာ မှာ ပါဝင်ပါတယ်။
ဘဏ်က မှားယွင်းစွာ မထည့်ပေးခင်မှာတော့ သူတို့စုံတွဲရဲ့ ဘဏ်အကောင့်မှာ ဒေါ်လာ ၁၁၂၁ ဒေါ်လာရှိနေခဲ့တယ်လို့ CBS သတင်းမှာ ဖော်ပြထားပါတယ်။
ဇနီးဖြစ်သူ Tiffany Williams ကတော့ ဘဏ်ကမှားထည့်လိုက်တဲ့ ပိုက်ဆံတော်တော်များကို ခင်ပွန်းဖြစ်သူက သုံးစွဲခဲ့တယ်လို့ ပြောပါတယ်။ ဘဏ်က မှားယွင်းစွာထည့်ပေးတာကို သိပြီးပြီးချင်းမှာ ဆက်သွယ်လို့ ရပေမယ့် နောက်ပိုင်းမှာ သူတို့စုံတွဲကို ဆက်သွယ်လို့ မရတော့ဘူးလို့ ဘဏ်က တာဝန်ရှိသူတွေက ပြောပါတယ်။
သူတို့၂ဦးဟာ ခိုးမှုနဲ့ ခိုးရာပါပစ္စည်း လက်ခံမှု စတဲ့ အကြောင်းအရာတွေနဲ့ တရားစွဲဆိုထားကြောင်း ဒေသခံ သတင်းစာမှာ ဖော်ပြထားပါတယ်။
Ref: cbsnews