ဝေဖန်နေကြသူတွေဟာ သူ့ရဲ့ နောက်ကျောကို ဓားနဲ့ ထိုးသူတွေ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စွပ်စွဲပြောဆိုခဲ့ပြီး ကက်သလစ်ကျောင်းတော်အတွင်း အကွဲအပြဲတွေကို စိုးရိမ်ခြင်း မရှိကြောင်း ပြောခဲ့ပါတယ်။ အာဖရိက ခရီးစဉ်က အပြန် လေယာဉ်ပေါ်မှာ မေးမြန်းတဲ့ အချိန် ပုပ်ရဟန်းမင်းကြီးက သူ့ကို ဝေဖန်နေကြတဲ့ ဘုန်းတော်ကြီးတွေရဲ့ ပြဿနာကို ပြောခဲ့တာဖြစ်ပါတယ်။
“ဒီဘုန်းကြီးတွေက ဘုရားကျောင်းကောင်းဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ စိတ်မဝင်စားဘူူး။ ပုပ်ရဟန်းမင်းပြောင်းဖို့နဲ့ ပုံစံပြောင်းဖို့လောက်ပဲ တွေးပြီး သင်းကွဲအောင် လုပ်နေတာ”လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အခုလိုမျိုး ပြဿနာကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ကက်သလစ် သာသနာခေါင်းဆောင်တွေက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ သဘောထားအမြင်တွေကို တိုက်ခိုက်နေတာကြာပြီ ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ နောက်လိုက် သန်းနဲ့ချီ ရှိတဲ့ ကက်သလစ်ကျောင်းရဲ့ အကွဲအပြဲကိစ္စကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်းပြောခဲ့တာ ဖြစ်ပါတယ်။
“အကွဲအပြဲတွေ ဖြစ်မှာကို မစိုးရိမ်ဘူး။ ဒါတွေက ကက်သလစ် ကျောင်းတော်သမိုင်းမှာ အများကြီး ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ လူတွေရဲ့ စိတ်ဓာတ်ကျန်းမာရေးက အခုကိစ္စပေါ်မှာ အများကြီး မူတည်နေတဲ့အတွက် ဒီလိုမဖြစ်စေချင်ဘူး”လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီးက သူ့ကို ဝေဖန်မှုတွေဟာ နိုင်ငံရေးနဲ့ သက်ဆိုင်မှုတွေရှိနေတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။
“အခုပြောခဲ့တဲ့ စကားတွေက ပုပ် ဂျွန်ပေါလ်ပြောခဲ့သလိုပဲ။ သူ့စကားကိုပဲ ပြန်ပြောနေရတာ။ အဲဒါကိုပဲ ပုပ် ဖရန်စစ်က ကွန်မြူနစ်ဆန်တယ်ဆိုပြီး လူတွေက သမုတ်ကြတယ်။ အပြုသဘောဆန်တဲ့ ဝေဖန်မှုတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ နောက်ကျောကို ဓားနဲ့ထိုးပြီး တွေ့ရင်ပြုံးပြနေတဲ့ သူတွေတော့ မပါဘူး”
“ဒီဝေဖန်မှုတွေက အမေရိကန် တနိုင်ငံတည်းမဟုတ်ဘူး။ ကက်သလစ်ခေါင်းဆောင်အချို့ရှိတဲ့ နေတဲ့ နေရာတွေက ထွက်လာနေတာပဲ”လို့ ပုပ်ဖရန်စစ်က ပြောဆိုခဲ့ပါတယ်။
ကက်သလစ်ကျောင်းတော်ရဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် သမိုင်းမှာ သင်းကွဲမှု အနည်းငယ်ဖြစ်ခဲ့ဖူးပြီး သင်းကွဲမှု ထပ်မံဖြစ်မှာကို စိုးရိမ်နေသူတွေလည်း ရှိတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
Ref. BBC
You may also like these stories:
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရန်ကုန်မြို့သို့ ရောက်ရှိ
ပုပ်ရဟန်းမင်းကြီး ရိုဟင်ဂျာဟု သုံးနှုန်းမှာ မြန်မာခရစ်ယာန်အသိုင်းအဝိုင်း စိုးရိမ်နေ
ပုပ်ရဟန်းမင်းကြီး ခရီးစဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် ကက်သလစ်ဘုန်းတော်ကြီးတပါး ပျောက်ဆုံးနေ
ငြိမ်းချမ်းရေးအတွက် ဘာသာရေးခေါင်းဆောင်များ အရေးကြီးဟု ပုပ်ရဟန်းမင်းကြီးနှင့် မဟန သဘောတူ