နှစ်တနှစ်ရဲ့ ဘယ်လမဆို ၁၃ ရက်နေ့နဲ့ သောကြာနေ့ တိုက်တိုက်ဆိုင်ဆိုင် တထပ်တည်းကျတဲ့နေ့ကို “ကမ္ဘာ့ ကံအဆိုးဆုံးနေ့”လို့ ယူဆထားကြသူတွေက တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် အများအပြားပါ။
လူတချို့ကတော့ ဒါဟာ အယူသီးမှု သက်သက်ပဲလို့ ပြောဆိုကြပေမယ့် ၁၃ ရက် သောကြာနေ့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးဆိုးရွားရွား အဖြစ်အပျက်တွေကိုတော့ ချန်ခဲ့လို့ မရပါဘူး။ ဒါကြောင့်မို့လို့ Friday 13 နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြန်လည် ဖော်ပြပေးချင်ပါတယ်။
(၁) ၁၄ ရာစုလောက်ကစပြီး Friday 13 ကို ကမ္ဘာ့ကံအဆိုးဆုံးနေ့အဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပေမယ့် ဂရိမှာတော့ ၁၃ ရက် အင်္ဂါနေ့ကို ကံအဆိုးဆုံးနေ့အဖြစ် သတ်မှတ်ထားကြပြီး အီတလီမှာတော့ ၁၇ ရက် သောကြာနေ့ကို ကံအဆိုးဆုံးနေ့လို့ ယူဆထားကြတာ ဖြစ်ပါတယ်။
(၂) သုတေသီတွေရဲ့ လေ့လာမှု စစ်တမ်းတွေအရ မတော်တဆမှုတွေ ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရကာ ဆေးရုံရောက်သူတွေရဲ့ အရေအတွက်ဟာ တခြားသောနေ့တွေမှာထက် ၁၃ ရက်သောကြာနေ့မှာ ၂၅ ရာခိုင်နှုန်းခန့် ပိုများတယ်လို့ ဆိုပါတယ်။
ဂျာမနီလူမျိုးတွေရဲ့ အယူအဆအရ ဆိုရင်တော့ Friday 13 မှာ ဆေးရုံတွေဟာ ခွဲစိတ်ကုသမှုတွေကို ပြုလုပ်ပေးလေ့ မရှိကြသလို ဆေးရုံတက်မယ့် လူနာတချို့ဟာလည်း သိပ်အရေးမကြီးရင် ဒီရက်ကို ရှောင်လေ့ရှိတယ်လို့ သိရပါတယ်။
(၃) ၁၉၉၅ ခုနှစ်လောက်မှာ ဖင်လန်နိုင်ငံဟာ ၁၃ ရက်သောကြာနေ့ကို National Accident Day အဖြစ် သတ်မှတ်ခဲ့ပြီး ဒီလိုသတ်မှတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီရက်မှာ မတော်တဆဖြစ်မှုတွေကို ဂရုစိုက်နိုင်မိစေဖို့အတွက်ပဲ ဖြစ်ပါတယ်။
(၄) ၁၃ ရက်သောကြာနေ့ကို အလွန်အကျူး ကြောက်တဲ့ရောဂါကို Friggatriskaidekaphobia လို့ခေါ်ပြီး ဒီဝေဒနာခံစားရသူအများစုဟာ လူကြီးတွေထက် လူငယ်တွေသာ ဖြစ်ကြပြီး သူတို့ဟာ ၁၃ ဂဏန်းပါသမျှကို ရှောင်ကြဉ်ကြသူတွေလည်း ဖြစ်ပါတယ်။
(၅) လက်ရှိအချိန်ထိ Friday 13 မှာဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံးဖြစ်ရပ်တွေအပေါ် အခြေခံပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်၊ တီဗီစီးရီးနဲ့ စာအုပ်တွေဟာ အမြောက်အများဖြစ်ပြီး ဝေဖန်ရေးသမားတွေက ဝေဖန်ခဲ့ကြပေမယ့် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုတော့ ရရှိခဲ့တာချည်းပဲ ဖြစ်ပါတယ်။
Ref. www.timeanddate.com