Selfie ရိုက်ရင်း သေဆုံးမှုများ ကမ္ဘာတဝှမ်းမှာ တနှစ်ထက်တနှစ် ပိုတိုးလာ
ဆိုရှယ်မီဒီယာ အသုံးပြုနေသူတိုင်း Selfie ရိုက်လေ့ ရှိကြပါတယ်။ ကျန်းမာရေးဆိုင်ရာ သုတေသန ပြုလုပ်ထားချက်တွေအရ Selfie ရိုက်လေ့ ရှိသူတွေဟာ ရောဂါတမျိုး ခံစားနေသူတွေလို့ ဆိုကြပါတယ်။
Selfie ရိုက်ရင်း သေဆုံးသူ အရေအတွက်ကလည်း များလာတဲ့အတွက် ဒီကိစ္စဟာ ကျန်းမာရေးကဏ္ဍမှာ အရေးကြီးတဲ့ နေရာက ပါဝင်လာပါတယ်။ ၂၀၁၈ ခုနှစ်ကနေ ပြန်ပြီး ရေတွက်မယ်ဆိုရင် ပြီးခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်း ကမ္ဘာတဝှမ်းမှာ Selfie ရိုက်ရင်း သေဆုံးသူအရေအတွက် ၂၅၀ ကျော် ရှိခဲ့ပါတယ်။
နောက်လာမယ့်နှစ်တွေမှာလည်း သေဆုံးသူ အရေအတွက် ကျဆင်း မသွားဘဲ ဆက်ပြီး တိုးလာဖို့ ရှိနေပါတယ်။ ဒါကြောင့်လည်း Selfie ဆိုတာ ရောဂါတမျိုးဖြစ်ပြီး လူ့အသက်ကိုပါ အန္တရာယ်ပြုနိုင်တဲ့ အရာလို့ ကျန်းမာရေး ရှုထောင့်အရ ဆိုကြတာ ဖြစ်ပါတယ်။
All India Institue of Medical Sciences ရဲ့ သုတေသန ပြုလုပ်ထားချက်အရ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ကမ္ဘာတဝှမ်းမှာ Selfie ရိုက်ရင်း သေဆုံးခဲ့သူပေါင်း ၂၅၉ ယောက်ရှိတယ်လို့ သိရပါတယ်။ သေဆုံးသူ အများဆုံးနိုင်ငံက အိန္ဒိယနိုင်ငံဖြစ်ပြီး ဒုတိယ ရုရှား၊ တတိယ အမေရိကန်ပြည်ထောင်စု၊ စတုတ္ထ ပါကစ္စတန်နိုင်ငံတို့ ဖြစ်တယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။
Selfie သားကောင် ဖြစ်ကြသူတွေရဲ့ အကြမ်းဖျင်း အသက်ကတော့ အသက်၂၃ နှစ်ဝန်းကျင်ဖြစ်ပြီး ၄ ပုံ ၃ ပုံက အမျိုးသားတွေ ဖြစ်ကြပါတယ်။ အမျိုးသားတွေ Selfie ရိုက်ရင်း သေဆုံးတဲ့ အကြောင်းရင်းကတော့ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေကို သွားပြီး Selfie ရိုက်တဲ့ အတွက်ကြောင့်ပါ။
သြစတြေးလျနိုင်ငံရဲ့ Diamond Head ပင်လယ်အော်လို နေရာများမျိုးဟာ Selfie ရိုက်သူတွေ အတွက် အန္တရာယ်အရှိဆုံး နေရာလို့ သတ်မှတ်ထားပေမယ့် လူတွေကတော့ ဂရုမစိုက်ကြပါဘူး။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့တုန်းကလည်း အသက် ၂၇ နှစ်သာ ရှိသေးတဲ့ အမျိုးသမီးတယောက်ဟာ ဆစ်ဒနီမြို့အနီးက ချောက်ကမ်းပါးအစပ်မှာ Selfie ရိုက်နေရင်း ချောက်ထဲ ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။
အမေရိကန် သယ်ယူပို့ဆောင်ရေးဦးစီးဌာနကတော့ ၂၀၁၄ ခုနှစ်ကို “Year of The Selfie” လို့ သတ်မှတ်ခဲ့ပါတယ်။ အကြောင်းကတော့ လူပေါင်း ၃၃,၀၀၀ ဟာ မော်တော်ကား မောင်းနေရင်း Selfie ရိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့လို့ပါပဲ။
အခုဆိုရင် ကျန်းမာရေးပညာရှင်တွေက Selfie ရိုက်ခြင်းကို ရောဂါတမျိုးအနေနဲ့ သတ်မှတ်လာကြပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်း Selfie ရိုက်ရင်း သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်က တိုးနေဆဲပါပဲ။
Ref. MSN, Travelandleisure
You may also like these stories:
Selfie ကြောင့် သေဆုံးမှု များလာတဲ့အတွက် ‘Selfie မရိုက်ရ ဇုန်များ’ သတ်မှတ်ရန် တောင်းဆို
ဆိုရှယ်မီဒီယာစတား ဘီကနီတောင်တက်သူ ချောက်ထဲပြုတ်ကျ သေဆုံး
ကြောင်ချစ်သူတွေ ကြောင်နဲ့ Selfie လှလှ ရိုက်နိုင်ဖို့ တီထွင်လိုက်တဲ့ Cat Selfie Device