စင်ကာပူနိုင်ငံရဲ့ လေထုအရည်အသွေးကို စက်တင်ဘာ ၁၄ ရက်နေ့ တိုင်းတာချက်အရ လေထုညစ်ညမ်းမှု တိုင်းတာရေးစံနှုန်း (PSI) သတ်မှတ်ချက်ထက် ၁၀၀ ကျော်ပိုများနေတာကြောင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆင့်ကို ရောက်ရှိသွားပါတယ်။
ဒီအခြေအနေဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တိုင်းတာရေးစံနှုန်းမှာ ကျန်းမာရေးအတွက် မသင့်တော်တဲ့ အခြေအနေကို ရောက်လာခဲ့တာပါ။ စက်တင်ဘာ ၁၄ရက် စင်ကာပူစံတော်ချိန် ညနေ ၄ နာရီ တိုင်းတာချက်အရ စင်ကာပူအနောက်ပိုင်းနေရာတွေမှာ PSI အညွှန်းကိန်း ၁၀၃ မှာရှိနေပါတယ်။
စင်ကာပူတောင်ဘက်ပိုင်းမှာတော့ ၉၇၊ မြောက်ပိုင်းမှာ ၈၉၊ မြို့လယ်ဗဟိုပိုင်းမှာ ၈၈ နဲ့ အရှေ့ပိုင်းမှာ ၈၆ အသီး သီးရှိတယ်လို့ တိုင်းတာရထားပါတယ်။ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်း (NEA) ရဲ့ဖော်ပြချက်အရ PSI အညွှန်းကိန်း ၅၀ နဲ့အောက်အခြေအနေဆိုရင် လေထုအရည်အသွေး အကောင်းဆုံးမှာရှိနေပြီး၊ ၅၁ နဲ့ ၁၀၀ ကြားကတော့ အလယ်အလတ်အဆင့်မှာရှိသလို၊ ၁၀၁ နဲ့ ၂၀၀ ကြားဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆင့်ကို ရောက်နေပြီလို့ သတ်မှတ်ထားပါတယ်။
လေထုအရည်အသွေး ကျဆင်းပြီးညစ်ညမ်းလာခြင်းရဲ့ အကျိုးဆက်ကိုတော့ အထူးသဖြင့် ကျန်းမာရေးမကောင်းသူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အများဆုံးခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် မလို အပ်ဘဲ အပြင်မထွက်ကြဖို့ နှိုးဆော်ထားပြီး နေထိုင်မကောင်းဖြစ်တာနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီရယူဖို့ NEA က တိုက်တွန်းထားပါတယ်။
NEA ရဲ့ ထုတ်ပြန်ချက်အရ စူမားတြားအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသနေရာတော်တော်များများမှာ မီးခိုးမြူတွေ ဆိုင်းနေတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ကာလီမန်တာနေရာ တော်တော်များများ မှာလည်း မီးခိုးမြူတွေဆိုင်းနေပြီး ဆာရာဝပ်အနောက်မြောက်ပိုင်းနဲ့ ပင်လယ်ကမ်းခြေဘက်ခြမ်းတွေထိပါ မီးခိုးတွေ လေထုနဲ့အတူရောပါသွား တယ်လို့ ဆိုပါတယ်။
နောက်ရက်တွေမှာတော့ စင်ကာပူနိုင်ငံတဝှမ်း မိုးရွာနိုင်ခြေရှိပေမယ့် စူမားတြားနဲ့ ကာလီမန်တာတဝိုက်မှာတော့ ပူပြင်းခြောက်သွေ့နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ တောင်ဘက်နဲ့ အနောက်တောင်ဘက်က တိုက်တဲ့လေထု ကြောင့် စင်ကာပူမြို့တော်တဝိုက်မှာ မီးခိုးမြူတွေ ဆိုင်းလာတာလို့ NEA ကဆိုပါတယ်။
မီးခိုမြူတွေ ဖြစ်လာတာကတော့ အင်ဒိုနီးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ တောမီးကြောင့်ဖြစ်ပြီး စူမားတြားနဲ့ ကာလီ မန်တာတဝိုက်မှာတော့ လွန်ခဲ့တဲ့အပတ်ထဲက မီးခိုးတွေဆိုင်းနေခဲ့တာပါ။ အင်ဒိုနီးရှားအစိုးရကလည်း အဆိုပါ တောမီးကို ငြိမ်းသတ်နိုင်ဖို့ စစ်သည်နဲ့ ရဲတပ်သားတွေနဲ့ပါ အင်အားသုံး ငြိမ်းသတ်နေတယ်လို့ ဆိုပါတယ်။
စင်ကာပူနိုင်ငံဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း အင်ဒိုနီးရှားနိုင်ငံက တောမီးကြောင့် ရက်သတ္တပတ်အတော်ကြာ မီးခိုးမြူပြဿနာခံစားခဲ့ရကာ အဆိုးဆုံးအခြေအနေအဖြစ် PSI အညွှန်းကိန်း ၃၀၀ ကျော်ခဲ့တာကြောင့် ကျောင်း တွေပါ ပိတ်ခဲ့ရပါတယ်။
Ref: CNA
You may also like these stories:
မေဇုန်မီးက ဘရာဇီးသာမက ကမ္ဘာကြီးကိုပါ အခက်ကြုံစေ
မြို့တော်ကို ဘော်နီယိုကျွန်းသို့ ပြောင်းရန် အင်ဒိုနီးရှားသမ္မတ ဝီဒိုဒို လွှတ်တော်သို့ အဆိုတင်
တောမီး မငြိမ်းပါက ရဲတပ်ဖွဲ့နဲ့ စစ်တပ် အရာရှိတွေကို အလုပ်ဖြုတ်မယ်လို့ အင်ဒိုနီးရှားသမ္မတ ပြောကြား
သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ သစ်တော ဧကပေါင်းများစွာ ဝယ်ခဲ့တဲ့ Fortnite ဂိမ်း ဖန်တီးသူ