သစ်ပင်နဲ့ လက်ထပ်တယ်ဆိုတဲ့ အကြောင်းအရာဟာ ကြားရတာ မယုံချင်စရာ ကောင်းပေမယ့် အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတခုပါ။ အသက် ၃၄ နှစ်အရွယ်ရှိ Kate Cunningham လို့ အမည်ရတဲ့ အမျိုးသမီးတဦးဟာ အင်္ဂလန်နိုင်ငံ၊ Lintherland မြို့မှာရှိတဲ့ Rimrose Valley ဥယျာဉ်ထဲက သက်တမ်းရင့် အပင်ကြီးတပင်နဲ့ ပြီးခဲ့တဲ့ စနေနေ့ နေ့လယ်ပိုင်းလောက်မှာ လက်ထပ်ခဲ့တာပါ။
ဒီလိုမျိုး လက်ထပ်လိုက်ရတဲ့ နောက်ကွယ်က အကြောင်းရင်းကတော့ မြို့ဟာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လမ်းကြပ်တဲ့ ပြဿနာတွေကြောင့် ဥယျာဉ်ကို ဖျက်ကာ လမ်းသစ်တခု ဆောက်လုပ်တော့မှာ ဖြစ်တဲ့အတွက် ဥယျာဉ်ထဲက အပင်တွေကို ရှင်းလင်းဖယ်ရှားတော့မှာပါ။
ဥယျာဉ်တွင်းက သက်တမ်းရင့် နှစ်ရှည်ပင်တွေနဲ့ အပင်တွေ အမြောက်အများ ရှင်းလင်းဖယ်ရှားခံရတော့မှာကြောင့် Kate ဟာ ဒီနည်းလမ်းကို အသုံးပြုပြီး လမ်းဖောက်လုပ်မယ်ဆိုတဲ့ အစီအစဉ်ကို ရပ်တန့်စေခဲ့တာ ဖြစ်ပါတယ်။ ဒီလို လမ်းဖောက်လုပ်မယ်ဆိုတဲ့ အကြောင်းကို ၂၀၁၆ ခုနှစ်ကတည်းက ကြေညာခဲ့တာဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်ကျမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်တဲ့ Kate ဟာ ဒီကြေညာချက်ကို ကြားသိရပြီးပြီးချင်း လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက မြို့ခံလူထုကို ဥယျာဉ်ကြီး ဖျက်ဆီးခံရမယ့် အရေးကနေ ကာကွယ်ဖို့ စည်းရုံးလှုံ့ဆော်ခဲ့ပေမယ့် ဘယ်သူကမှ စိတ်ဝင်တစား မရှိခဲ့တာကြောင့် အခုလို ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
“သစ်ပင်တွေဟာ ကျမတို့ ရှင်သန်နေထိုင်တဲ့ ကမ္ဘာပေါ်မှာ မရှိမဖြစ်တဲ့ အရာတခုပါ။ နှစ်စဉ် သစ်တောပြုန်းတီးမှုတွေ ဒီလောက်ကြုံတွေ့နေရတာတောင် တခုခုဆို လူတွေဟာ သစ်ပင်တွေကို ခုတ်ထွင် ရှင်းလင်းပစ်ချင်နေတုန်းပါပဲ”
“မြို့ခံလူတွေကို အာပေါက်အောင် ဘယ်လိုပြောပြော လူများစုက စိတ်ဝင်တစား မရှိတာကြောင့် ကျမ အနေနဲ့ Attention ယူပြီး လူတွေကို သတိပြုမိစေချင်တဲ့ သဘောပါပဲ။ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းမယ့်အစား တခြား နည်းလမ်းကောင်းတွေကို ရှာဖွေ အသုံးချကြည့်စေချင်တာက ကျမရဲ့ ရည်ရွယ်ချက်ပါ” လို့ Kate က လက်ထပ်ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
Ref. mysticalraven.com
You may also like these stories:
ခရီးသွားရင်း ချစ်သူ ရှာဖွေနိုင်တဲ့ တရုတ်နိုင်ငံက “Love-Pursuit” မီးရထားခရီးစဉ်
အရွယ်မတိုင်ခင် လက်ထပ်ခြင်း ဓလေ့ကြောင့် အမျိုးသမီးငယ်များ အခွင့်အရေး ဆုံးရှုံးနေရ
လျှို့ဝှက် လက်ထပ်လိုက်ပြီလို့ သတင်းထွက်လာတဲ့ မင်းသား စတီဖင်ချောင်