အိန္ဒိယနိုင်ငံ၊ Bhopal ကျေးရွာမှာ လွန်ခဲ့တဲ့ ၂ လခန့်က ဖား ၂ ကောင်ကို မိုးခေါ်ဖို့ ရည်ရွယ်ချက်နဲ့ လက်ထပ်ပေး ခဲ့ကြပါတယ်။ ဟိန္ဒူဘာသာဝင်တွေဟာ ဖားတွေကို လက်ထပ်ပေးရင်း မိုးနတ်ဘုရားက မိုးပြန်လည် ရွာသွန်းအောင် ပြုလုပ်ပေးတယ် ဆိုတဲ့ အယူအဆကြောင့် အဲဒီလို လက်ထပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရည်မှန်းတာထက် ပိုပြီး မိုးရွာသွန်းခဲ့ပြီး အခုဆိုရင် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် အဲဒီဖား ၂ ကောင်ကို ပြန်လည် ကွာရှင်းဖို့ လုပ်နေတယ်လို့ သိရပါတယ်။
“လက်ထပ်ပေးပြီး မကြာခင်မှာပဲ ကျနော်တို့ မျှော်လင့်သလို အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။ မိုးရာသီကို ရောက်လာပြီး မိုးတကယ်ရွာသွန်းရာကနေ အခုဆိုရင် အိုးအိမ်တွေပါ ပျက်စီးရတဲ့အထိ ဖြစ်လာပါပြီ။ ဒါကြောင့် ဒီထက်ဆိုးရွားတဲ့ မိုးသက်လေပြင်းတွေ မလာခင် သူတို့ ၂ ကောင်ကို ကွာရှင်းပေးဖို့ စီစဉ်ရတာပါ”လို့ လက်ထပ်ပွဲကို ကျင်းပပေးခဲ့တဲ့ တာဝန်ရှိသူတဦးက The New Indian Express သတင်းစာကို ပြောပါတယ်။
လက်ထပ်ပြီး ပျားရည်ဆမ်းခရီးက ပြန်လာတဲ့ ဖား ၂ကောင်က အခုဆိုရင် ကွာရှင်းရတော့မှာ ဖြစ်တယ်လို့ သိရှိရပြီးနောက်မှာ လူမှုကွန်ရက် အသုံးပြုသူတွေကလည်း ရုပ်ရှင်ဆန်လွန်းတယ်လို့ ပြောဆို စနောက်နေကြတာတွေလည်း ရှိနေပါတယ်။
ဖား ၂ကောင်ကို လက်ထပ်ပေးခဲ့တဲ့ အဖွဲ့အစည်းကတော့ အခုလို ကွာရှင်းလိုက်မယ်ဆိုရင် မိုးသည်းထန်စွာ ရွာသွန်းခြင်းတွေကို ရပ်တန့်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပြီး ဖား ၂ ကောင်ကို လက်ထပ်ပေးခဲ့တဲ့ သျှီဝ နတ်ဘုရားကျောင်းမှာပဲ ပြန်လည် ကွာရှင်းပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Ref. metro.uk
ဆက်စပ် ဖတ်ရှုရန်
အပူလှိုင်းဖြတ်တာတွေ ရပ်တန့်ဖို့ ဖား နှစ်ကောင်ကို လက်ထပ်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံ