ဗြိတိန်နိုင်ငံ၊ Blenheim နန်းတော်အတွင်းက အမေရိကန်ဒေါ်လာ ၅ သန်းခန့် တန်ဖိုးရှိတဲ့ ရွှေအိမ်သာခွက်ကို ပြီးခဲ့တဲ့ စနေနေ့က ခိုးယူခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။
စနေနေ့ မနက် အစောပိုင်းမှာ ကတည်းက အဆိုပါ ဘိုထိုင် ရွှေအိမ်သာကို ရှာမတွေ့တော့ဘူးလို့ ဒေသခံသတင်းတွေက ဖော်ပြထားပါတယ်။ ရွှေ ၁၈ ကာရက်ရှိတဲ့ အဲဒီအိမ်သာကို သူခိုးတစုက ခိုးဝင်ပြီး ယူသွားခဲ့တာ ဖြစ်ပါတယ်။
အများပြည်သူကို အသုံးပြုခွင့်ပေးထားတဲ့ အဲဒီ ရွှေအိမ်သာကို လာရောက် လည်ပတ်သူတွေ အနေနဲ့လည်း ဒေါ်လာ သန်းချီတန်တဲ့ အိမ်သာခွက်မှာ အပေါ့သွားခြင်း ကိစ္စကို ဆောင်ရွက်နိုင်ပါတယ်။
ပျောက်ဆုံးသွားတဲ့ အိမ်သာခွက်နဲ့ ပတ်သက်ပြီး အသက် ၆၆ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးထားတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီအိမ်သာခွက်ကို အီတလီလူမျိုး အနုပညာရှင် Maurizio Cattelan က ဆောက်လုပ်ထားတာဖြစ်ပြီး သူကတော့ ဒီခိုးမှုဟာ ရော်ဘင်ဟု ခိုးယူတဲ့ ပုံစံအတိုင်းဖြစ်ဖို့ မျှော်လင့်နေတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာကို ပြောဆိုခဲ့ပါတယ်။
“အိမ်သာခိုးခံရတာကြောင့် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ဆုံးရှုံးရတဲ့အပြင် အိမ်သာရေလျှံမှုတွေလည်း ဖြစ်ခဲ့ရတယ်”လို့ ရဲဌာနက ဆိုပါတယ်။
အိမ်သာကို ဖန်တီးခဲ့တဲ့ Maurizio Cattelan ကတော့ “ အခုလို ဆုံးရှုံးလိုက်ရတော့ ကျနော်တို့ အနေနဲ့ နောက်လုပ်မယ့် အလုပ်တွေကို ပိုပြီး ဂရုစိုက်ရတော့မှာပေါ့။ ခိုးတဲ့သူတွေကလည်း ကောင်းမွန်တဲ့ နေရာတွေမှာ အသုံးချဖို့ မျှော်လင့်ရပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
နန်းတော်ကိုတော့ မှုခင်းဖြစ်ပွားတဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ပိတ်ခဲ့ပြီး နောက်တနေ့မှာပဲ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ တာဝန်ရှိသူတွေကတော့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေပြီး ပြစ်မှုမှာ ပါဝင်လောက်မယ့် လူတွေကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
Ref. BBC