ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်က အွန်လိုင်းလောင်းကစားနဲ့ လောင်းကစားရုံ တွေကိုပိတ်ပစ်ဖို့ ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Hun Sen ရဲ့ ညွှန်ကြားချက် ထွက်လာပြီးနောက်ပိုင်းမှာတော့ သောင်းချီတဲ့ တရုတ်လူမျိုးတွေ ကမ္ဘောဒီးယားနိုင်ငံကနေ ထွက်ခွာသွားကြပါတယ်။
တရုတ်နိုင်ငံသားတွေဟာ ကမ္ဘောဒီးယားနိုင်ငံကို ရောက်လာပြီး အွန်လိုင်း လောင်းကစားတွေကို သာမက လောင်းကစားရုံတွေကိုပါ ဖွင့်လာကြတဲ့ အခုလို တားမြစ်ရခြင်းပါ။ သြဂုတ်လ ၁၅ ရက်နေ့မှာတော့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က လောင်းကစားမှုမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၁၂၇ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဖမ်းဆီးမှု ပြီးတဲ့နောက်မှာတော့ ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက် ထွက်လာခဲ့ပါတယ်။
အခုဆိုရင် တရက်ကို တရုတ်နိုင်ငံသား အနည်းဆုံး ၆၀၀၀ ဝန်းကျင်လောက် ကမ္ဘောဒီးယားနိုင်ငံက ထွက်ခွာသွားနေကြပါတယ်။ ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက် ထွက်လာပြီး ၂ ပတ်အကြာမှာ လောင်းကစားမှုတွေနဲ့ ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၁၂၀,၀၀၀ လောက် နေရပ်ပြန်နေကြတယ်လို့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
တရက်ကို တရုတ်နိုင်ငံသား ၆၀၀၀ နီးပါး ကမ္ဘောဒီးယားနိုင်ငံကနေ ထွက်ခွာနေပေမယ့် နောက်ထပ် တရုတ်နိုင်ငံသားတွေကလည်း ကမ္ဘောဒီးယားနိုင်ငံကို ရောက်လာနေသေးတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ လူဝင်မှုကြီးကြပ်ရေး ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ Ath Bony က ပြောပါတယ်။
ကမ္ဘောဒီးယား ရဲဌာနကလည်း ကမ္ဘောဒီးယားနိုင်ငံမှာ တရုတ်နိုင်ငံသား ၂၅၀,၀၀၀ နီးပါးရှိနေပြီး ၁၀၀,၀၀၀ နီးပါးလောက်ကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဖနွမ်းပင်မြို့နဲ့ Preach Sihanouk မှာ နေထိုင်ကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို ရောက်လာကြတဲ့ တရုတ်နိုင်ငံသား အများစုဟာ ကာစီနိုရုံတွေနဲ့ ဟိုတယ် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားကြပါတယ်။ ကမ္ဘောဒီးယား အစိုးရအနေနဲ့လည်း လောင်းကစားမှုတွေနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေကို လိုင်စင်သက်တမ်း တိုးပေးဖို့ မရှိတော့ဘဲ ၂၀၁၉ ခုနှစ်အကုန်မှာ လောင်းကစားလုပ်ငန်းတွေကို အပြီးတိုင် အဆုံးသတ်သွားဖို့ ရှိနေပါတယ်။
Ref. RFA, Scmp, Bangkokpost
You may also like these stories:
ကမ္ဘောဒီးယားကို ပထမဆုံးအကြိမ် ခရီးသွားမယ်ဆိုရင် သိထားသင့်တဲ့ အချက်များ
ယခုနှစ် ကမ္ဘောဒီးယားသို့ တရုတ်ခရီးသည်များ ပိုမိုလာရောက်
အန်ကောဝပ်ကျောင်းတော်အတွင်း ဆင်စီးပြီး လည်ပတ်ခွင့်ကို ပိတ်ပစ်တော့မည်
ဇီးရိုးဘတ်ဂျက်ကို နှိမ်နင်းမယ်လို့ ကမ္ဘောဒီးယား ခရီးသွားဝန်ကြီး ကတိပြု