ထိုင်းနိုင်ငံကို ချစ်ကြည်ရေးလက်ဆောင် ပေးထားတဲ့ ပန်ဒါဝက်ဝံလေး နေထိုင်ရာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင် တိရစ္ဆာန်ရုံမှာ ရုတ်တရက် သေဆုံးသွားမှုကို တရုတ်နိုင်ငံဘက်က ကျွမ်းကျင်ပညာရှင်တွေက စုံစမ်းစစ်ဆေးတော့မယ်လို့ သိရပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိတဲ့ Chuang Chuang ပန်ဒါဝက်ဝံလေးဟာ ၂၀၀၃ ခုနှစ်တုန်းက တရုတ်-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပန်ဒါဝက်ဝံမလေး Lin Hui နဲ့အတူ တရုတ်နိုင်ငံကနေ လက်ဆောင်ပေးခဲ့တာ ဖြစ်ပြီး ထိုင်းနိုင်ငံက တိရစ္ဆာန်ရုံမှာ အများပြည်သူကြည့်ရှုနိုင်အောင် ထိန်းသိမ်း စောင့်ရှောက်ထားခဲ့တာပါ။
တရုတ် သတင်းအေဂျင်စီက ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံက ပန်ဒါသုတေသီ ကျွမ်းကျင်ပညာရှင်တွေဟာ ထိုင်းနိုင်ငံကို သွားရောက်ပူးပေါင်းပြီး ပန်ဒါဝက်ဝံလေး Chuang Chuang ရုတ်တရက် သေဆုံးမှုကို စုံစမ်း စစ်ဆေးတော့မယ်လို့ ဆိုပါတယ်။
ထိုင်းဘက် တာဝန်ရှိသူတွေက ပန်ဒါဝက်ဝံလေး Chuang Chuang သေဆုံးမှုကို စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့ချိန်မှာ ဆိုရှယ်မီဒီယာပေါ်မှာ ဝမ်းနည်းစကားတွေ အများအပြား ဆိုခဲ့ကြပါတယ်။
ချင်းမိုင် တိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာ Wutthichai Muangmun က Chuang Chuang မသေဆုံးခင် စားနေကျ ဝါးအနုလေးတွေ
ကိုပဲ စားခဲ့တာလို့ ဆိုပါတယ်။ “ဝါးအနုလေးတွေ စားပြီး လမ်းပတ်လျှောက်နေရာက ဒယိမ်းဒယိုင်ဖြစ်လာပြီး မြေပြင်ပေါ် ပစ်လဲကျသွားတာ”လို့ သူက ဆိုပါတယ်။
Chuang Chuang ကို Lin Hui နဲ့ မျိုးစပ်ဖို့အတွက် ကြိုးစားနေချိန်ဖြစ်ပြီး အခြေအနေကောင်းနေတဲ့ အနေအထားမှာ ရှိနေခဲ့တာပါ။ ၂၀၀၉ ခုနှစ်တုန်းကလည်း တိရစ္ဆာန်ရုံက တာဝန်ရှိသူတွေက Lin Hui ကို မေထုန်မဲ့ သားစပ်နိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင် မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပန်ဒါတကောင်ရဲ့ ပျမ်းမျှအသက်ဟာ ၁၄ နှစ်ကနေ အသက် ၂၀ ထိ သဘာဝအတိုင်း ရှင်သန်နေထိုင်နိုင်ပြီး၊ သေချာကျွေးမွေး စောင့်ရှောက် ထိန်းသိမ်းထားမယ်ဆိုရင် အသက် ၃၀ လောက်ထိ နေထိုင်နိုင်တယ်လို့ WWF (World Wildlife Foundation) က ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာတော့ ပန်ဒါဝက်ဝံ အကောင်ကြီးမျိုးတွေဟာ မျိုးတုန်းမယ့် အန္တရာယ်ကို ရင်ဆိုင်နေရတာကြောင့် ၂၀၁၆ ခုနှစ်ကစလို့ တန်ဖိုးကြီး အမျိုးအစား အုပ်စုထဲမှာ ထည့်သွင်းထားရပါတယ်။ ဒါ့အပြင် ပန်ဒါဝက်ဝံ အမတွေဟာ တနှစ်မှာ တခါပဲ ကိုယ်ဝန်ဆောင် မွေးဖွားနိုင်တာမို့ မျိုးဆက်ပွားရမှာ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
အိန္ဒိယမှာ မိုးခေါင်လို့ လက်ထပ်ပေးခဲ့တဲ့ ဖား ၂ ကောင်အား ပြန်လည် ကွာရှင်းပေးမည်
ငှက်ကျားထိုးဆိတ်တာကို ရှောင်တိမ်းရာကနေ စက်ဘီးမှောက်ပြီး သေဆုံးခဲ့တဲ့ အမျိုးသား
ကန်စွန်းဥကင်ဆိုင်မှာ ဈေးရောင်းသူအဖြစ် လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံက ခွေးလေး
ကြောင်ချစ်သူတွေ ကြောင်နဲ့ Selfie လှလှ ရိုက်နိုင်ဖို့ တီထွင်လိုက်တဲ့ Cat Selfie Device