ထိုင်းနိုင်ငံံ၊ Nong Khai စီရင်စု၊ Khon Kaen တက္ကသိုလ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ကျင်းပခဲ့တဲ့ Esport မိုဘိုင်းဂိမ်းပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သူတွေကတော့ Balee Sathit Suksa စာသင်တိုက်က အကြီးတန်းစာသင်သား ကိုရင်သုံးပါးပဲ ဖြစ်ပါတယ်။
Esport မိုဘိုင်းဂိမ်းပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သူတွေဟာ သာသနာ့ဘောင်အတွင်းက ကိုရင်တွေဖြစ်တာကြောင့် လူအများက အံ့အားသင့်ခဲ့ကြပြီး သင်္ကန်းတွေနဲ့ ပြိုင်ပွဲဝင်ကြတဲ့အပေါ် ဝေဖန်မှုတွေကလည်း ရှိနေခဲ့ပါတယ်။ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ esport ဂိမ်းအမျိုးအစားကတော့ speed-drifter ဆိုတဲ့ ကားမောင်းပြိုင်ပွဲဂိမ်းဖြစ်ပြီး Tencent ကုမ္ပဏီက ထုတ်လုပ်တဲ့ အွန်လိုင်းဂိမ်း အမျိုးအစား တခုလည်း ဖြစ်ပါတယ်။
ဒီမိုဘိုင်းဂိမ်းပြိုင်ပွဲကိုတော့ သြဂုတ်လ ၁၉ ရက်နေ့ကစပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ကိုရင်တွေဟာ ဒီဂိမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်စွာနဲ့ ခွင့်တောင်းခဲ့တာကြောင့် အခွင့်အရေးတခုအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်စေခဲ့တာဖြစ်တယ်လို့ Balee Sathit Suksa စာသင်တိုက်ရဲ့ စာချကိုယ်တော် Kokkiad Chaisamchareonlap က ဆိုပါတယ်။
“ကိုရင်တွေက ဒီပြိုင်ပွဲကို ဝင်ဖို့ တော်တော်လေး စိတ်အားထက်သန်နေကြတော့ ခွင့်ပြုပေးလိုက်တာပါ။ သူတို့ ပြိုင်ချင်လို့ ဝင်ပြိုင်ခိုင်းလိုက်တာပါပဲ။ အနိုင်ရဖို့ မရဖို့က အရင်တည်းက မမျှော်လင့်ထားပါဘူး။ ဒီစာသင်တိုက်က ကိုရင်တွေအများစုဟာ ဆင်းရဲတဲ့မိသားစုတွေနဲ့ တကွဲတပြားဖြစ်နေတဲ့ မိဘတွေဆီကနေ လာရောက်ခဲ့ကြရတာပါ”
“သူတို့ဘဝတလျှောက်လုံးက ဒီဘုန်းကြီးစာတွေကိုပဲ သင်ချင်ချင်၊ မသင်ချင်ချင် သင်နေရတာပါ။ ဒီအတွက်ကြောင့်လည်း သူတို့ကို စိတ်အပန်းဖြေမှုတခုအနေနဲ့ ဝင်ပြိုင်ဖို့ ခွင့်ပြုပေးလိုက်တာပါ” လို့ စာချကိုယ်တော်က အင်တာဗျူးတခုမှာ မိန့်ကြားခဲ့ပါတယ်။
ဒီစာသင်တိုက်မှာ သီတင်းသုံးနေထိုင်ကြတဲ့ ကိုရင်တွေဟာ တပတ်မှာ နာရီ ၂၀ ခန့် ဘာသာရေးစာပေတွေကို လေ့လာသင်ယူကြရပြီး အနားယူတဲ့အချိန်တွေမှာတော့ speed-drifter ဂိမ်းကစားပြီး ပြိုင်ပွဲအတွက် လေ့ကျင့်နေတတ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
Ref. kotaku.com