ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ထဲက ဘရန်ဒန်တွန်မြို့မှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့ပြီး ဒီမီးလောင်ကျွမ်းမှုကြောင့် တအိမ်လုံး ပြာကျလုနီးပါး ပျက်စီးခဲ့ရပေမယ့် လူတွေကတော့ အသက်သေဆုံံးမှု မဖြစ်ပွားခဲ့ပါဘူး။
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ အိမ်ဟာ Butler မိသားစုရဲ့ အိမ်ဖြစ်ပြီး မီးလောင်ကျွမ်းစဉ် မနက် ၂ နာရီဝန်းကျင်ခန့်မှာ တအိမ်သားလုံးဟာ အိပ်မောကျနေခဲ့တာပါ။ မီးလောင်ရင် သတိပေးနိုင်တဲ့ မီးအချက်ပြစနစ်ကို တပ်ဆင်ထားပေမယ့် အမှန်တကယ် မီးလောင်ကျွမ်းတဲ့အချိန်မှာတော့ အချက်ပေးစက်ဟာ ခဏပဲ မြည်ခဲ့ပြီး ဆက်မမြည်တော့တာကြောင့် မီးလောင်နေတာကို တမိသားစုလုံး မသိခဲ့ပါဘူး။
မျက်နှာကျက်နဲ့ ထပ်ခိုးတခုလုံး မီးစွဲလောင်နေပေမယ့် တအိမ်သားလုံး အိပ်မောကျနေတာကြောင့် သတိမထားမိခဲ့ပါဘူး။ ဒီအချိန်မှာပဲ Butler မိသားစု မွေးမြူထားတဲ့ ခွေးလေး Zippy ဟာ အိမ်ရဲ့နေရာအနှံကို လျှောက်ပြေးကာ တအိမ်သားလုံးနိုးအောင် အဆက်မပြတ် ဟောင်ပြီး သတိပေးခဲ့တာကြောင့် အိမ်ရှင်မိသားစုတွေဟာ နိုးလာခဲ့ပြီး မီးလောင်နေတဲ့ အိမ်ထဲကနေ ထွက်လာနိုင်ခဲ့ပါတယ်။
အိမ်ထဲက မိသားစုဝင်တွေ ထွက်လာချိန်မှာ တအိမ်လုံးနီးပါးဟာ မီးလောင်ကျွမ်းနေတာကြောင့် ခက်ခက်ခဲခဲ ထွက်လာနိုင်ခဲ့ပေမယ့် ခွေးလေး Zippy ကတော့ အိမ်ထဲမှာ ကျန်နေခဲ့ပြီး ထွက်မလာနိုင်တော့ပါဘူး။
အိမ်ပိုင်ရှင်ဖြစ်သူ Leory Butler ဟာ ကို ကယ်ဆယ်ဖို့ အိမ်ထဲပြန်ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် တအိမ်လုံးမီးလောင်ကျွမ်း နေတာကြောင့် မဝင်နိုင်ခဲ့ပါဘူး။ မီးသတ်သမားတွေ ရောက်လာချိန်မှာ အိမ်ထဲဝင်ပြီး Zippy ကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် အချိန်အတော်ကြာ မီးထဲမှာ ပိတ်မိနေတာကြောင့် မီးခိုးတွေ မွှန်ကာ မီးလောင်ကျွမ်းပြီး ခွေးလေး Zippy သေဆုံးသွားခဲ့ရပါတယ်။
ခွေးလေး Zippy သေဆုံးသွားရမှုနဲ့ ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ Leory Butler က “Zippy က ကျနော်တို့အတွက်တော့ အိမ်မွေးခွေးလေး တကောင်ထက် ပိုပါတယ်။ သူ့ကို မွေးထားတာ ၃ နှစ်လောက်ပဲ ရှိသေးပေမယ့် တကယ့်ကို ပါးနပ်ပြီး ရဲရင့်တဲ့ ကောင်လေးပါ။ သူ့ကို ကျနော်တို့ အမြဲသတိတရ ရှိနေမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။
You may also like these stories:
“Lady and the Tramp” ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ ကယ်ဆယ်ရေးစခန်းမှ ခွေးလေးကို ရွေးချယ်
ခွေးမွေးထားသူတွေဟာ ပျော်ရွှင်မှုအရှိဆုံး လူသားတွေ ဖြစ်ကြောင်း လေ့လာ တွေ့ရှိ
ကန်စွန်းဥကင်ဆိုင်မှာ ဈေးရောင်းသူအဖြစ် လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံက ခွေးလေး
အလုပ်လုပ်တဲ့နေရာကို နေ့တိုင်း ခွေးခေါ်လာတဲ့ သန့်ရှင်းရေး မိန်းကလေး