ကမ္ဘာ့အသက်ကြီးဆုံး ဆံသဆရာ အသက် ၁၀၈ နှစ်အရွယ်မှာ ကွယ်လွန်
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာနေထိုင်တဲ့ ကမ္ဘာ့အသက်ကြီးဆုံး ဆံသဆရာလို့ သတ်မှတ်ခံထားရတဲ့ Anthony Mancinelli ဟာ အသက် ၁၀၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ မသေခင်အထိ ဆံသဆရာအဖြစ် ၉၆ နှစ်တိုင်တိုင် တစိုက်မတ်မတ် လုပ်ကိုင်ခဲ့ပြီး ဘယ်တော့မှ အနားမယူခဲ့ဘူးလို့ သားဖြစ်သူ ရောဘတ်က ဆိုပါတယ်။
၂၀၁၈ ခုနှစ်ရဲ့ Guinness ကမ္ဘာ့စံချိန်မှတ်တမ်းများစာအုပ်က အသက် ၈ နှစ်အရွယ်မှာ အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းလာသူ Anthony ကို ကမ္ဘာပေါ်မှာ အသက်ကြီးဆုံး ဆံသဆရာအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ Anthony ဟာ ဆံသဆိုင်တခုမှာ အောက်ခြေသိမ်းအလုပ်ကနေ စတင်သင်ယူရင်း အသက် ၁၂ နှစ်အရွယ်မှာ ဆံသဆရာ ဖြစ်လာခဲ့ပြီး မိသားစုစားဝတ်နေရေးကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
Newburgh ကျောင်းမှာ ပညာသင်ကြားခဲ့ပေမယ့် Anthony ဟာ ဘွဲ့ရတယောက်တော့ ဖြစ်မလာခဲ့ပါဘူး။ “ဆံပင်ညှပ်တဲ့ အလုပ်က သူ့ဘဝရဲ့အနှစ်သက်ဆုံး အစိတ်အပိုင်း မဟုတ်ခဲ့ပေမယ့် ဒီအလုပ်အပေါ်မှာတော့ ချစ်မြတ်နိုးခဲ့ပါတယ်။ အဖေ့ကို လူတိုင်းက ချစ်ကြတာပါ။ ကမ္ဘာတဝှမ်းမှာလည်း လူသိများပါတယ်” လို့ သားဖြစ်သူ ရောဘတ်က ဆိုပါတယ်။
Anthony ဟာ သူ့ဘဝတလျှောက်လုံးကို ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းခဲ့ပေမယ့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ကင်ဆာရောဂါ စတင်ခံစားခဲ့ရပါတယ်။ မကွယ်လွန်ခင် ၆ ပတ်လောက်ထိ အလုပ်လုပ်နေခဲ့ရာက ပင်ပန်းနွမ်းနယ်ပြီး အားနည်းလာတာကြောင့် ဆံသဆရာအလုပ်ကနေ အနားယူလိုက်ရပေမယ့် နေပြန်ကောင်းလာရင် ပြန်လုပ်ချင်စိတ် ရှိနေခဲ့တာလို့ သားဖြစ်သူက ပြောပြခဲ့ပါတယ်။
အသက် ၁၂ နှစ်အရွယ်မှာ ဆံသဆရာဖြစ်လာခဲ့တဲ့ Anthony ဟာ စစချင်းအချိန်မှာ ဝန်ဆောင်ခ ၂၅ ဆင့်ပဲ ရခဲ့ပေမယ့် သူ မကွယ်လွန်ခင် နောက်ဆုံးချိန်မှာတော့ ၁၉ ဒေါ်လာထိ ရနေခဲ့ပါပြီ။
သူနောက်ဆုံးလုပ်သွားတဲ့ Fantastic Cuts ပိုင်ရှင် Jane က “သူကတော့ တကယ့်ကို ဂန္တဝင် ဆံသဆရာတယောက်ပါ။ ကျမကို သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲဆိုပြီး ရုပ်သံလိုင်းတခုက မေးပါတယ်။ အခုချိန်မှာတော့ ဘာမှမစဉ်းစားနိုင်သေးဘူး။ သူ့နေရာမှာ အစားထိုးနိုင်မယ့်သူလည်း မရှိနိုင်ဘူးလေ။ သူညှပ်ခဲ့တဲ့ ခုံလေးကို အမှတ်တရအဖြစ်ထားဖို့ စိတ်ကူးရှိပါတယ်” လို့ ဆိုပါတယ်။
Anthony ရဲ့ ဇနီးဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က ကွယ်လွန်သွားခဲ့ပြီး သားတယောက်ကလည်း လွန်ခဲ့တဲ့ ၃၆ နှစ်က ကွယ်လွန်ခဲ့ပါတယ်။ ၈၂ နှစ်တိုင်တိုင် အဖေ့ဆီမှာပဲ ဆံပင်ညှပ်ခဲ့တဲ့ ရောဘတ်တယောက်တော့ အခု နောက်ထပ် ဆံသဆိုင် ရှာရတော့မယ်လို့ ဆိုပါတယ်။
Anthony ဟာ ကမ္ဘာ့စံချိန်မှတ်တမ်းများ စာအုပ်မှာတင် မဟုတ်ဘဲ အိုဟိုင်အိုးပြည်နယ်မှာရှိတဲ့ အကျော်ကြားဆုံး ဆံသဆရာများရဲ့ မှတ်တမ်းများထားရှိရာ ပြတိုက်မှာလည်း မသေဆုံးခင် တပတ်အလိုမှာ ဖော်ပြခံခဲ့ရတယ်လို့ သိရပါတယ်။
Ref: edition.cnn