အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဆေးခြောက်ကို ၂၀၁၆ ခုနှစ်တည်းက တရားဝင် ခွင့်ပြုခဲ့ တာဖြစ်ပြီး ဆေးခြောက်ကို တရားဝင် တွင်တွင်ကျယ်ကျယ် ရောင်းချတဲ့ ဈေးကွက်ဟာဆိုရင်လည်း ကယ်လီဖိုးနီးယား ပြည်နယ်မှာတော့ အဆန်း မဟုတ်တော့ပါဘူး။ ဆေးခြောက်ကို မိမိသဘောအတိုင်း တကိုယ်ရည်သုံးစွဲမှုအပြင် ဆေးဝါးအဖြစ် ထုတ်လုပ်ရောင်းချတာမျိုးတွေ ရှိပေမယ့် ဆေးခြောက်စားသောက်ဆိုင်ရယ်လို့တော့ အမေရိကန်မှာ မရှိသေးပါဘူး။
ဒါပေမယ့် အောက်တိုဘာလလောက်မှာတော့ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ Lowell Cafe လို့အမည်ရတဲ့ ဆေးခြောက်စားသောက်ဆိုင်ကို တရားဝင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ဒီစားသောက်ဆိုင်မှာ ဆိုရင်တော့ ဆေးခြောက်ရွက်နဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေ၊ အဖျော်ယမကာတွေ၊ ဆေးခြောက်နဲ့ ပြုလုပ်ထားတဲ့ စားသောက်ကုန်တွေနဲ့ ဆေးခြောက်သုံးစွဲတာမျိုးတွေကို တနေရာတည်းမှာ တစုတစည်းတည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒီဆိုင်မှာ ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေနဲ့ စားဖိုမှူးတွေဟာဆိုရင်လည်း ဆေးခြောက်ရွက်နဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိ ကျွမ်းကျင်သူတွေပဲ ဖြစ်တယ်လို့ Lowell Cafe ရဲ့ ဒါရိုက်တာ Kevin Brady က ပြောပါတယ်။
“ဆေးခြောက်ဟာ အယ်လ်ကိုဟောနဲ့ လူကိုစွဲလမ်းစေတဲ့ တခြားသော ဓာတုပစ္စည်းတွေလိုမျိုး အန္တရာယ်ရှိတာမျိုး မဟုတ်ပါဘူး။ သုံးတတ်ရင်တော့ တကယ့်ကို ဆေးဝါးကောင်းတလက်ပါ။ ကျနော်တို့ အခုဖွင့်မယ့်ဆိုင်ကနေ ဆေးခြောက်ချစ်သူတွေကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ စိတ်ကျေနပ်မှုတွေ ပေးနိုင်မယ်ဆိုတာကိုတော့ ရဲရဲကြီး အာမခံပါတယ်” လို့ Kevin ဆိုပါတယ်။
ဒီလို ဆေးခြောက် စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ခြင်းဟာ ဘေးပတ်ဝန်းကျင်ကိုပါ ဆေးခြောက်အနံ့တွေ ပျံ့နှံ့ပြီး ဆေးခြောက် မသုံးသူတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ The Guardian သတင်းစာက ဝေဖန်ထောက်ပြထားပေမယ့် ဆိုင်တွင်းမှာ လေကိုစစ်ထုတ်တဲ့ “Advanced Air Filtration System” စနစ်ကို တပ်ဆင်ထားမှာ ဖြစ်တာကြောင့် စိုးရိမ်စရာ မရှိဘူးလို့ ဆိုင်ရဲ့ ဒါရိုက်တာ Kevin က ပြန်လည် ဖြေရှင်းထားပါတယ်။
Ref. moonchild.net
You may also like these stories:
ဆေးခြောက်ပင် အမျိုးအစားအချို့ကို တားမြစ်ပစ္စည်းအဖြစ်ကနေ ပယ်ထုတ်လိုက်တဲ့ ထိုင်းနိုင်ငံ
ကင်ဆာ ရောဂါသည်များအတွက် ဆေးခြောက်ဆေးဝါး စတင်ဖြန့်ဝေလိုက်တဲ့ ထိုင်းနိုင်ငံ
နာကျင် ကိုက်ခဲမှုတွေကို ကုသဖို့ ထုတ်လုပ်လိုက်တဲ့ ဆေးခြောက်ပီကေ
ဆေးခြောက်နဲ့ သက်ဆိုင်တဲ့ သုသေသနတွေကို ပြုလုပ်တော့မယ့် ထိုင်းတက္ကသိုလ်