တရုတ်နိုင်ငံရဲ့ လူလတ်တန်းစား အရေအတွက်နဲ့ တဦးချင်း ပျမ်းမျှဝင်ငွေ တိုးလာတဲ့အတွက်ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးကို လည်ပတ်ကြတဲ့ တရုတ် ခရီးသွားအရေအတွက်ကလည်း တိုးလာပါတယ်။ ၂၀၁၈ ခုနှစ်က ထုတ်ပြန်ထားတဲ့ စာရင်းအရ ဆိုရင် အာရှနိုင်ငံတွေပြီးရင် တရုတ်နိုင်ငံသားတွေ အများစု လည်ပတ်လေ့ရှိကြတဲ့ နိုင်ငံတွေကတော့ ဥရောပနိုင်ငံတွေပါ။
အာရှနိုင်ငံတွေထဲမှာဆိုရင်တော့ တရုတ်လူမျိုးတွေ အများဆုံး သွားရောက် လည်ပတ်ကြတဲ့ နိုင်ငံကတော့ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် တရုတ်နိုင်ငံသားတွေ အများဆုံးလာရောက် လည်ပတ်တဲ့နိုင်ငံတွေစာရင်းမှာ အာရှက ၅ နိုင်ငံနဲ့ အာရှ မဟုတ်တဲ့ နိုင်ငံ ၅ နိုင်ငံ ပါဝင်ပါတယ်။
တရုတ်နိုင်ငံသား အများဆုံး လာရောက် လည်ပတ်ကြတဲ့ အာရှ ၅ နိုင်ငံစာရင်းမှာ ထိုင်းနိုင်ငံက ထိပ်ဆုံးမှာ ရှိနေပြီး ဂျပန်၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကလည်း အစဉ်အတိုင်း ရပ်တည်နေပါတယ်။
အာရှ မဟုတ်တဲ့ နိုင်ငံတွေထဲမှာဆိုရင်တော့ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ စပိန်၊ အင်္ဂလန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့ကို သွားရောက် လည်ပတ်မှု များပါတယ်။
၂၀၁၇ ခုနှစ်က ကောက်ယူထားတဲ့ စာရင်းအရဆိုရင် တရုတ်ခရီးသွား အများဆုံး သွားရောက် လည်ပတ်တဲ့ အာရှ မဟုတ်တဲ့နိုင်ငံ ၂ နိုင်ငံသာ ရှိပါတယ်။ အဲဒီနိုင်ငံတွေက အမေရိကန်ပြည်ထောင်စုနဲ့ အီတလီနိုင်ငံတို့ပါ။ ၂၀၁၈ ခုနှစ်မှာတော့ ပြင်သစ်နဲ့ စပိန်နိုင်ငံတို့ပါ ထပ်တိုးလာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ၅ နိုင်ငံအထိ ရှိလာခဲ့ပါတယ်။
အခုကာလကလည်း တရုတ်အမျိုးသားနေ့ ကျင်းပနေတဲ့အချိန် ဖြစ်တဲ့အတွက် အားလပ်ရက် အချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ခရီးထွက်ဖို့ ကြိုတင် ဘွတ်ကင်လုပ်ထားတဲ့ ဟိုတယ်ခန်းတွေက နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှာ ရှိပါတယ်။ ၂၀၁၈ ခုနှစ်ကတော့ တရုတ်အမျိုးသားနေ့ အားလပ်ရက်အတွင်း နိုင်ငံပေါင်း ၁၁၁ နိုင်ငံက ဟိုတယ်ခန်းတွေကို ကြိုတင် ဘွတ်ကင်ယူခဲ့ပါတယ်။
အခုဆိုရင်တော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ တရုတ်လူမျိုးတွေ ခရီးသွားနေတာကို တွေ့ရပါတယ်။ တရုတ်ခရီးသွားတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေသေးတာတော့အမှန်ပါပဲ။ တချို့နိုင်ငံတွေမှာ ဆိုရင်လည်း ငွေပေးချေမှုစနစ်မှာ တရုတ်ခရီးသွားတွေ အသုံးပြုလေ့ရှိတဲ့ WeChat Pay နဲ့ AliPay စနစ်တွေကို အသုံးပြုခွင့် မရှိပါဘူး။
Ref: traveldailynews