အမေရိကန်နိုင်ငံ၊ Maine ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် Bobby Stuart ဆိုတဲ့ အမျိုးသားဟာ ပြီးခဲ့တဲ့ မေလတုန်းက ဒေါ်လာ ၁ သန်း ထီပေါက်ခဲ့ပြီး နောက်ထပ် ၄ လအကြာမှာ ဒေါ်လာ ၁ သိန်းဆု ထပ်မံဆွတ်ခူးခဲ့ပါတယ်။ ဒီလိုမျိုး ထီဆုကြီးတွေ မကြာခဏ ပေါက်နေတာကြောင့် Bobby ဟာ မီလျံနာတဦးဖြစ်နေပြီ ဖြစ်ပါတယ်။
ဒီလိုမျိုး ထီဆုကြီးတွေပေါက်ပြီး မီလျံနာတဦးဖြစ်နေပေမယ့် Bobby ဟာ တခြားသူတွေလို အိမ်ကြီးအိမ်ကောင်းတွေ ဝယ်တာ၊ ကားအကောင်းစားတွေ စီးတာ၊ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေဝယ်တာ စတာမျိုးတွေကို မလုပ်ဘဲ လုပ်မြဲအတိုင်း အလုပ်ကို လုပ်ပြီး ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတာပါ။
ထီပေါက်ပေမယ့်လည်း နှစ်ပေါင်း ၄၀ လောက် သူလုပ်ခဲ့တဲ့ အလုပ်မှာပဲ ဆက်လက် လုပ်ကိုင်နေပြီး စားနေကျအတိုင်းပဲ အာလူးကြော်၊ ဟမ်ဘာဂါ အစရှိတဲ့ ဈေးနှုန်းသင့်တင့်တဲ့ အစားအစာတွေကိုပဲ ပုံမှန်စားသောက်နေသူပါ။
ဒေါ်လာသန်းနဲ့ချီ ချမ်းသာကြွယ်ဝသွားကြသူတွေနဲ့ ထီဆုကြီးပေါက်ပြီး နေ့ချင်းညချင်း ဖြစ်သွားသူအများစုဟာ သူတို့ရဲ့ငွေတွေကို ဘယ်နေရာမှာ ပြန်အသုံးချမယ်၊ ဘယ်လိုအလုပ်အကိုင်မျိုးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မယ်ဆိုတာကို အကြံဉာဏ်တောင်းဖို့အတွက် စီးပွားရေးအကြံပေးတွေကို ငှားရမ်းတတ်ကြပေမယ့် Bobby ကတော့ အခုလိုပဲ ဆိုပါတယ်။
“ဒီလူတွေကို ငှားဖို့ ကျနော်တခါမှ မစဉ်းစားမိပါဘူး၊ အေးအေးဆေးဆေး နေချင်တာပဲ သိတယ်၊ သူတို့ကို ဘာလို့ ပိုက်ဆံပေးငှားနေရမှာလဲ”လို့ Bobby က အင်တာဗျူးတွေမှာ မေးခွန်းပြန်ထုတ်ခဲ့ပါသေးတယ်။
Bobby ရဲ့သားဖြစ်သူဟာဆိုရင်လည်း သိပ်မကြာခင်တုန်းက ဒေါ်လာ ၂၅၀,၀၀၀ ထီပေါက်ခဲ့တဲ့အပြင် မကြာခဏ ဆိုသလိုလည်း ဒေါ်လာ ၅၀၀ ဆုသေးတွေ ပေါက်နေပါသေးတယ်။ Bobby ဟာ ထီပေါက်တဲ့ ပိုက်ဆံတွေကို သားသမီးတွေကို အညီအမျှ ခွဲပေးထားပြီး သူကိုယ်တိုင်ကတော့ လုပ်မြဲအတိုင်း အလုပ်တွေလုပ်ကိုင်ကာ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။
Ref. twnews.com
You may also like these stories:
သန်းထီပေါက်တာကို သရဲမျက်နှာဖုံးနဲ့ ငွေလာထုတ်ခဲ့တဲ့ အမျိုးသား
တောင်းစားနေပေမယ့် ချမ်းသာကြွယ်ဝတဲ့ အဘွားအို
ချမ်းသာချင်ရင် ရှောင်ကြဉ်ရမယ့် အကျင့်ဆိုးများ