သိပ်မကြာခင်တုန်းက ဖြစ်ပွားခဲ့တဲ့ အမေဇုန်တောမီးလောင်မှုဟာ တကမ္ဘာလုံးရဲ့ အာရုံစိုက်မှုခံခဲ့ရပြီး အခုထွက်ပေါ်နေတဲ့ သတင်းတွေအရ အာဖရိကမှာရှိတဲ့ သစ်တောတွေရဲ့ တောမီးလောင်မှုတွေဟာ အမေဇုန်ထက် ပိုမိုဆိုးရွားများပြားနေတယ်လို့ သိရပါတယ်။
NASA ရဲ့ Fire Information For Resource Management System က ရရှိတဲ့ သတင်းတွေအရ အန်ဂိုလာမှာ တောမီးလောင်မှုပေါင်း ၆,၉၀၂ ထက်မနည်း၊ ကွန်ဂိုမှာ တောမီးလောင်မှု ၃,၃၉၅ ခန့်လောက်ထိ ရှိတယ်လို့လည်း သိရပါတယ်။
အန်ဂိုလာ၊ ကွန်ဂိုစတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုတွေဟာ ကိန်းဂဏန်းအရဆိုရင်တောင် ဘရာဇီးနိုင်ငံ အမေဇုန်တောမီးလောင်မှုထက် ပိုမိုများပြားနေတာကို တွေ့ကြရမှာပါ။ အမေဇုန်တောမီးလောင်မှုဟာ တကမ္ဘာလုံးအတွက် စိုးရိမ်စရာ ကိစ္စရပ်တခုဖြစ်ခဲ့သလို ကူညီထောက်ပံ့မှုတွေ ရရှိခဲ့တာဖြစ်ပေမယ့် အာဖရိကတောမီးလောင်ကျွမ်းမှုရဲ့ ဆိုးကျိုးတွေကိုတော့ သတိပြုမှု နည်းပါးနေပါသေးတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ရှိခဲ့တဲ့ အာဖရိကရဲ့ စိုက်ပျိုးမွေးမြူရေး ဒေသတချို့ဟာ တောမီးလောင်မှု ကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရပြီး စိုက်ပျိုးမြေတွေကို တောမီးကူးစက်မှုကနေ ကင်းဝေးအောင် ဒေသခံလယ်သမားတွေဟာ မြက်နဲ့ တခြားသော အပင်တွေကို အသုံးပြုကာ မီးအန္တရာယ်ကနေ ကာကွယ်နေကြရပါတယ်။
အခုလို အပင်တွေကို အသုံးပြုပြီး တောမီးလောင်မှုကနေ ကာကွယ်ခြင်းဟာ စိုက်ပျိုးမြေတွေကို တောမီးလောင်မှုကြောင့် မြေဆီလွှာထိခိုက်မှု မဖြစ်နိုင်ဘဲ မူလ စိုက်ပျိုးခဲ့တဲ့ မြေဆီမြေနှစ်တွေကို ထိန်းသိမ်းပေးရာမှာ အထောက်အကူဖြစ်တယ်လို့ ဒေသခံလယ်သမားတွေက လက်ခံထားကြတာပါ။
ဘရာဇီးမှာ ဖြစ်ပွားခဲ့တဲ့ အမေဇုန်တော မီးလောင်ကျွမ်းမှုလိုပဲ အာဖရိကမှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုတွေဟာ ဆိုရင်လည်း စိုက်ပျိုးရေးကိစ္စရပ်တွေကိုသာမက သဘာဝပတ်ဝန်းကျင်အတွက်လည်း ထိခိုက်စေနိုင်ပါတယ်။ စစ်တမ်းတွေအရ တောမီးလောင်ကျွမ်းမှုနဲ့ သစ်တောပြုန်းတီးမှုတွေဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်းကနေစလို့ တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာနေပြီး စိုးရိမ်စရာ အခြေအနေတခုကို ရောက်ရှိနေပါတယ်။
Ref. www.intelligentliving.com