နိုင်ငံတိုင်းမှာ သက်ဆိုင်ရာ အရေးကြီးနေ့ရက်တွေ ရှိပါတယ်။ အဲဒီလို နေ့ရက်တွေမှာ ပျော်ပွဲရွှင်ပွဲတွေ ကြီးကြီးမားမား ကျင်းပလေ့ ရှိကြပါတယ်။ အဲဒီလို ပျော်ရွှင်နိုင်ဖို့အတွက် အရက်သေစာကို လူအများစု သောက်သုံးလေ့ ရှိကြပါတယ်။ အခု ထိုင်းနိုင်ငံမှာတော့ အခြေအနေက တမျိုးပါ။
ထိုင်းနိုင်ငံဟာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပတ်သက်ရင် နာမည်ကြီးပါတယ်။ အခုလမှာ ကျရောက်မယ့် အားလပ်ရက် ၂ ရက်မှာတော့ ထိုင်းနိုင်ငံက အရက်ကို တားမြစ်သွားဖို့ ရှိပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ဟာ ထိုင်းဘုရင် Bhumibol Adulyadej ကွယ်လွန်ခြင်း ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သလို သီတင်းကျွတ်လပြည့်နေ့လည်း ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေ့မှာ ထိုင်းတနိုင်ငံလုံး အရက်ကိုရောင်းချမှုကို တားမြစ်သွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တာနဲ့အညီ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ဓလေ့မှာလည်း မြန်မာနိုင်ငံနဲ့ သိပ်ကွာခြားမှု မရှိပါဘူး။ မြန်မာတွေ ကျင်းပတဲ့ သြင်္ကန်နဲ့ ထိုင်းတွေကျင်းပတဲ့ ဆုမ်ခရမ်ပွဲတော်ကလည်း ပုံစံ တူပါတယ်။
သီတင်းကျွတ်လပြည့်မှာ မြန်မာတွေ ဘုရားသွား ကျောင်းတက်သလို ထိုင်းတွေလည်း ဘုရားသွား ကျောင်းတက်လေ့ရှိကြပါတယ်။ ဒါပေမယ့် မတူတာတခုကတော့ ထိုင်းက သီတင်းကျွတ်လပြည့်နေ့မှာ အရက်ရောင်းချ သောက်သုံးမှုကို တားမြစ်ထားပြီး မြန်မာမှာတော့ အဲဒီ အစဉ်အလာ မရှိသေးတာပါ။
လွန်ခဲ့တဲ့နှစ်တွေကတည်းက သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း အရက်ရောင်းချမှု တားမြစ်ချက် ထိုင်းနိုင်ငံမှာ ရှိနေခဲ့ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ဘဏ် အားလပ်ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာဆိုရင်တော့ အစိုးရရုံးတွေနဲ့ ဘဏ်တွေကို ပိတ်ထားပေမယ့် ကြီးမားတဲ့ ဈေးဝယ်စင်တာတွေမှာ ရှိနေတဲ့ ဘဏ်တချို့ကိုတော့ ဖွင့်ထားပါမယ်။
အောက်တိုဘာ ၁၄ ရက်နေ့မှာလည်း အရက်ရောင်းချမှုကို တားမြစ်ထားပါတယ်။ အားလပ်ရက် ၂ ရက်မှာ “အရက် မရောင်းရ” တားမြစ်ချက်က ဘားတွေ ကလပ်တွေနဲ့ ဖျော်ဖြေရေး နေရာတွေအတွက်လည်း အကျုံးဝင်ပါတယ်။ ဒါကြောင့်လည်း သီတင်းကျွတ်လပြည့်နဲ့ လပြည့်ကျော် ၁ ရက်နေ့တွေမှာဆိုရင် ထိုင်းနိုင်ငံရဲ့ ဘယ်နေရာတွေမှာမှ အရက်ဝယ်ယူလို့ရမှာ မဟုတ်ပါဘူး။
Ref: thethaiger
You may also like these stories:
ထိုင်းနိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ သက်သတ်လွတ်ပွဲတော်
ထိုင်းမှာ ပိုက်ဆံ လုယက်မှု ဖြစ်ပွားပြီးနောက် ခရီးသွားများအတွက် သတိပေးချက် ထွက်လာ
ထိုင်းနိုင်ငံမှာ ဆင်တွေနဲ့အတူ အပန်းဖြေ အနားယူနိုင်တဲ့ “Dumbo” ဆင်အနားယူစခန်း