ဂျာမနီနိုင်ငံမှာ ဆက်ကပ်ရုံ တရုံကနေ ထွက်ပြေးလာတဲ့ မြင်းကျားတကောင်ကို အဝေးပြေး လမ်းမပေါ်မှာ အသေ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ရဲဌာနက ထုတ်ပြန်ချက်အရ ထွက်ပြေးလာတဲ့ မြင်းကျားကြောင့် အများပိုင်ပစ္စည်း ပျက်စီးတာရယ်၊ အဝေးပြေးလမ်းပေါ်မှာ မတော်တဆမှုတွေ ဖြစ်ခဲ့တာကြောင့် ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဂျာမနီနိုင်ငံ၊ အရှေ့မြောက်ပိုင်း Tessin မြို့မှာရှိတဲ့ ဆက်ကပ်ရုံကနေ အောက်တိုဘာ ၂ ရက်နေ့က မြင်းကျား ၂ ကောင် လွတ်ပြေးသွားခဲ့ပေမယ့် တကောင်ကို ပြန်ဖမ်းနိုင်ခဲ့ပြီး ကျန်နေတဲ့ တကောင်ကတော့ အဝေးပြေးလမ်းမပေါ်ထိ နာရီ အတော်ကြာ ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ ရဲဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မနက် ၈ နာရီလောက်မှာ အဝေးပြေးလမ်းမပေါ်မှာ လွတ်သွားတဲ့ မြင်းကျားကြောင့် ကားမတော်တမဆမှု ၂ မှု ဖြစ်ခဲ့ရာက ပြန်လည် တွေ့ရှိခဲ့ကြတာပါ။ ဒီမတော်တဆမှုကြောင့် အဝေးပြေးလမ်းမကြီးကို ယာယီ ပိတ်ပစ်ခဲ့ရပါတယ်။ လမ်းမကြီးကို ပိတ်ပြီး မြင်းကျားကို ဖမ်းဖို့ကြိုးစားခဲ့ပေမယ့် အရိုင်းစိတ်ဝင်ပြီး ခုန်ပေါက်ပြေးလွှားနေတာကြောင့် နောက်ထပ်ကားတွေ ထိခိုက်မိကာ ဒဏ်ရာ အနည်းငယ်ရခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြေးလွှားနေတဲ့ မြင်းကျားကို ဆက်ကပ်ရုံက လေ့ကျင့်ပေးခဲ့သူကိုယ်တိုင် လိုက်လံ ဖမ်းဆီပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ တာဝန်ရှိသူတွေက မီးသတ်ဌာန လက်အောက်မှာရှိတဲ့ အရေးပေါ် တိရစ္ဆာန်ကယ်ဆယ်ရေး ဌာနခွဲကို အကြောင်းကြားခဲ့ပြီး Thelkow မြို့အနီးမှာ တချက်တည်းနဲ့ အသေပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အသေပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ဘာကြောင့် အရှင်မဖမ်းဘဲ အသေပစ်ခတ်ရတာလဲဆိုတဲ့ မေးခွန်းတွေနဲ့ ဝေဖန်ခံခဲ့ရပါတယ်။ ရဲဌာနကတော့ အသေပစ်ခတ် ဖမ်းဆီးရမယ့် အခြေအနေ ဖြစ်လာခဲ့လို့သာ ပစ်ခဲ့ရတာလို့ သတင်းထုတ်ပြန်စဉ်မှာ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
မြင်းကျားဟာ စိတ်ရိုင်းဝင်နေတာကြောင့် လေ့ကျင့်ပေးခဲ့သူကိုယ်တိုင် မဖမ်းနိုင်ခဲ့သလို၊ ကိုယ်တိုင် လိုက်လံဖမ်းဆီးပေးခဲ့တဲ့ ရဲအရာရှိတွေလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပြီး မတော်တဆမှုတွေလည်း ဖြစ်ခဲ့ရတာကြောင့် အသေပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။
Ref: edition.cnn