မေတ္တာတရားဆိုတာ လူတွေမှာသာ ရှိတာ မဟုတ်ပါဘူး။ တိရစ္ဆာန်တွေမှာလည်း မေတ္တာတရားဆိုတာ ရှိပါတယ်။ တိရစ္ဆာန်တွေလည်း လူတွေလိုပဲ နားလည်ခံစားတတ်ကြတယ်ဆိုတာ အခုဖြစ်ရပ်က သက်သေပြနေပါတယ်။
ပြီးတဲ့ခဲ့ အောက်တိုဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံ Khao Yai အမျိုးသားဥယျာဉ်အတွင်းမှာရှိတဲ့ Haew Narok(Hell’s Fall) ရေတံခွန်ထဲ ဆင် ၆ ကောင်ပြုတ်ကျပြီး သေဆုံးခဲ့ရပါတယ်။ ဖြစ်ပုံကတော့ ဆင်ပေါက်လေး ၁ ကောင် ရေတံခွန်ထဲ ပြုတ်ကျတာကို ကျန်တဲ့ဆင်တွေက ကယ်တင်ဖို့ကြိုးစားရင်း ဆင် ၆ ကောင် သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။
ဆင် ၆ ကောင် သေဆုံးသွားပေမယ့် မသေဘဲ ကျန်ရစ်တဲ့ အခြားဆင် ၂ ကောင်ကိုလည်း ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကျန်နေရစ်တဲ့ ဆင် ၂ ကောင်ကို ထိုင်း အာဏာပိုင်တွေက ဘေးလွတ်ရာနေရာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုလို ဖြစ်ပျက်ခဲ့သလိုမျိုး ၁၉၉၂ ခုနှစ်ကလည်း ဖြစ်ပျက်ခဲ့ပါသေးတယ်။ အဲဒီ မတော်တဆမှုမှာတော့ ဆင် ၈ ကောင် သေဆုံးခဲ့ရပါတယ်။
အခုဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မှာတော့ ၃ နှစ်သားအရွယ် ဆင်ပေါက်ကလေးလည်း သေဆုံးခဲ့ရပါတယ်။ အဲဒီ ၃ နှစ်သားအရွယ် ဆင်ပေါက်ကလေးကို ကျန်တဲ့ဆင်တွေက ကယ်တင်နိုင်ဖို့ကြိုးစားရင်း ဆင် ၆ ကောင် သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ဥယျာဉ်မှူးဖြစ်တဲ့ Kanchit Srinoppawan က ပြောပါတယ်။
မတော်တဆမှု ဖြစ်ပျက်ပြီးတဲ့နောက်မှာတော့ ဥယျာဉ်ကို ယာယီ ပိတ်ထားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့်လည်း ဆင်တွေမှာ ဝမ်းနည်းခြင်းကို ခံစားတတ်တဲ့အကြောင်း လူတွေက အသိအမှတ်ပြုခဲ့ကြပါတယ်။ တကယ်တော့ ဆင်တွေမှသာ မဟုတ်ပါဘူး။ ကျန်တဲ့ တိရစ္ဆာန်တွေမှာလည်း ဝမ်းနည်း ဝမ်းသာ ခံစားတတ်ပါတယ်။
“အခုအဖြစ်အပျက်ဟာ ကံဆိုးစွာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်သာဖြစ်ပြီး ကျနော်တို့အနေနဲ့လည်း ဘာမှမတတ်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်မိသားစုဝင်တွေ ဆုံးရှုံးသွားရသလို ခံစားရပါတယ်” လို့ ထိုင်းနိုင်ငံ တောရိုင်းတိရစ္ဆာန် ဖောင်ဒေးရှင်း တည်ထောင်သူ Edwin Weik က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အာရှဆင်ပေါင်း ၇,၀၀၀ လောက် ရှိပြီး တဝက်ကျော်လောက်ကို လူတွေက ထိန်းသိမ်းမွေးမြူထားကြပါတယ်။
Ref. BBC, insider