ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို မှီပြီး အသက်ရှင်ရပ်တည်နေကြရတဲ့ သက်ရှိသတ္တဝါတွေ သေဆုံးကုန်ကြသလို၊ ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုကြောင့်လည်း နိုင်ငံတော်တော်များများဟာ ဒီပလတ်စတစ်ပြဿနာကို သတိပြုဆင်ခြင်လာနေကြပါပြီ။
အာရှနိုင်ငံတွေမှာဆိုရင်လည်း ပလတ်စတစ် လျှော့ချသုံးစွဲဖို့ကို အသိပညာပေးလှုပ်ရှားမှုတွေ တွင်တွင်ကျယ်ကျယ် ပြုလုပ်လာနေကြတာ ဖြစ်ပြီး စူပါမားကတ်တွေနဲ့ ဈေးဝယ်စင်တာအများစုမှာ ပလတ်စတစ်အစားထိုးအနေနဲ့ ငှက်ပျောရွက်တွေ၊ ဖက်တွေကို ပြန်လည်အသုံးပြုလာနေကြတာပါ။
အခုဖော်ပြပေးမှာကတော့ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကုမ္ပဏီတခုဖြစ်တဲ့ Avani ကုမ္ပဏီကနေ ရေမှာအလွယ်တကူပျော်ဝင်နိုင်တဲ့ ပလတ်စတစ်အိတ်အမျိုးအစားတမျိုးကို တီထွင်လိုက်တာပဲ ဖြစ်ပါတယ်။
Avani ကုမ္ပဏီကနေ တီထွင်လိုက်တဲ့ ဒီပလတ်စတစ်အိတ်အမျိုးအစားဟာဆိုရင်တော့ သဘာဝပတ်ဝန်းကျင်အတွက် အပြည့်အဝ စိတ်ချရတယ်လို့ သိရပါတယ်။ ဒီပလတ်စတစ်အိတ် ပျော်ဝင်သွားတဲ့ ရေကတောင် ၁၀၀ ရာခိုင်နှုန်း ပြန်လည်အသုံးပြု လို့ ရတဲ့အထိ စိတ်ချရတယ်လို့လည်း သိရပါတယ်။
ဒီပလတ်စတစ်အိတ်အမျိုးအစားကို ထုတ်လုပ်ရာမှာ လူတွေရဲ့ကျန်းမာရေးအတွက်ရော သဘာဝပတ်ဝန်းကျင် အတွက်ပါ အန္တရာယ်ရှိတဲ့ Petroleum တွေကို ထည့်သွင်းအသုံးပြုထားတာ မဟုတ်ဘဲ သဘာဝပီလောပီနံမှုန့်ကိုသာ အဓိက ကုန်ကြမ်းအနေနဲ့ အသုံးပြုထားတာ ဖြစ်ပါတယ်။
သာမန်ပလတ်စတစ်အိတ်တွေဟာ ယိုယွင်းပျက်စီးသွားဖို့ နှစ်ပေါင်း ၁၀၀၀ နီးပါးခန့် ကြာနိုင်ပေမယ့် ဒီပလတ်စတစ်အိတ်ကတော့ ရေမှာပျော်ဝင်အောင် မလုပ်ဘဲ အပြင်မှာထားမယ်ဆိုရင်တောင် ၃လကနေ ၆ လအတွင်း သူ့အလိုလို ပျက်စီးပျောက်ကွယ် သွားနိုင်တယ်လို့လည်း သိရပါတယ်။
အင်ဒိုနီးရှားအခြေစိုက် Avani ကုမ္ပဏီဟာဆိုရင်တော့ သဘာဝပတ်ဝန်းကျင် အတွက်စိတ်ချရတဲ့ ပစ္စည်းတွေကို အဓိကထားထုတ်လုပ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ဈေးနှုန်းအားဖြင့်လည်း လူတိုင်းတတ်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ အင်ဒိုနီးရှားနိုင်ငံတွင်းမှာ ရောင်းချပေးနေတာဖြစ်ပါတယ်။
Ref. brightside.me
You may also like these stories:
လက်မထပ်ရသေးဘဲ အတူနေသူတွေကို အရေးယူမယ့် ဥပဒေ အင်ဒိုနီးရှားအစိုးရ ပြန်ရုတ်သိမ်း
အင်ဒိုနီးရှားနိုင်ငံက လိင်အလုပ်သမတွေကြား ရေပန်းစားလာတဲ့ Dating Application များ
လက်မထပ်ရသေးဘဲ အတူနေတဲ့ စုံတွဲတွေကို ထောင်ဒဏ် ချမှတ်မယ့် ဘာလီကျွန်း