ပဲရစ်မြို့မှာရှိတဲ့ Louvre ပြတိုက်ကို လာရောက်ကြတဲ့ ဧည့်သည်တော်တွေအနေနဲ့ ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဆာပန်းချီကားကို ပိုမိုရှင်းလင်းတဲ့ မြင်ကွင်းကနေ ကြည့်ရှုနိုင်ကြတော့မှာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ကမ္ဘာ့အကျော်ကြားဆုံး ပန်းချီကားကို ကာကွယ်ဖို့အတွက် ထိုးဖောက်မြင်နိုင်တဲ့ ကျည်ကာဖန်သားကို ပြတိုက်က တပ်ဆင်ခဲ့လို့ ဖြစ်ပါတယ်။
၁၉၅၀ ပြည့်လွန်နှစ်အစောပိုင်းတွေထဲက မိုနာလီဆာပန်းချီကားကို အန္တရာယ်ကင်း ဖန်သားပြင်အောက်မှာ ထားခဲ့ပေမယ့် အက်ဆစ်နဲ့ လောင်းချခဲ့တဲ့ ဧည့်သည်တဦးရဲ့ လက်ချက်နဲ့ ထိခိုက်ခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ပန်းချီကားကို ထိခိုက်စေဖို့ မအောင်မမြင်ဖြစ်ခဲ့ရတဲ့ ကြိုးပမ်းချက်တော်တော်များများ လည်းရှိခဲ့ပါတယ်။
ပြတိုက်မှာပြသထားတဲ့ ၁၆ ရာစုနှစ် အီတလီအနုပညာကို စောင့်ရှောက်ရသူ ပြတိုက်မှူး Vincent Delieuvin က မကြာသေးခင်နှစ်များအတွင်း ဖန်သားနည်းပညာဟာ သိသိသာသာ တိုးတက်လာကြောင်း၊ ၁၅ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ အရင် ကျည်ကာဖန်သားဟာ ကြည့်ရှုတဲ့သူတွေအတွက် အဆင်မပြေဖြစ်ခဲ့တယ်လို့ ပြောဆိုပါတယ်။
သူက “ဒီနေ့မှာ မိုနာလီဆာပန်းချီကားက ပန်းချီကားကို အနီးကပ်ကြည့်နိုင်မယ့် သဘောကျနှစ်ခြိုက်မှုကို ပေးစွမ်းနိုင်မယ့် အထူးထွင်းဖောက်မြင်နိုင်တဲ့ ဖန်သားရဲ့ နောက်ကွယ်မှာ ရှိနေပါပြီ” လို့ဆိုပါတယ်။
လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့ Louvre ပြတိုက်ဟာ လီယိုနာဒို ဒါဗင်ချီ ကွယ်လွန်ခဲ့တဲ့ နှစ် ၅၀၀ ပြည့်နှစ်ပတ်လည်အနေနဲ့ ဆရာကြီးရဲ့ လက်ရာတွေကို ပြပွဲတခုအနေနဲ့ ခင်းကျင်းပြသဖို့ စီစဉ်ထားပါတယ်။
အဲ့ဒီ ပြပွဲမှာဆိုရင် ဥရောပနဲ့ အမေရိကန် အဖွဲ့အစည်းတွေကနေ ရရှိထားတဲ့ ပန်းချီ၊ ပုံ၊ ပန်းပုကျောက်ရုပ်နဲ့ လက်ရေးမူ တွေအပါအဝင် ပစ္စည်း ၁၂၀ နီးပါးလောက်ပါဝင်မှာဖြစ်ပေမယ့် မိုနာလီဆာပန်းချီကားကိုတော့ ပြတိုက်ရဲ့ သီးသန့် အခန်းထဲမှာရှိတဲ့အတိုင်း ဆက်လက်ထားရှိ ပြသမှာ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှာ တန်ကြေး ဒေါ်လာ သန်း ၁၀၀ နဲ့ စံချိန်တင်ထားတဲ့ မိုနာလီဆာပန်းချီကားကို ဆရာကြီး လီယိုနာဒိုက ၁၅၀၃ ခုနှစ်နဲ့ ၁၅၀၆ ခုနှစ်ကြားကာလတွေမှာ ရေးဆွဲခဲ့တယ်လို့ ယုံကြည်ရပြီး ၁၅၁၇ ခုနှစ်အထိ ပန်းချီကားကို ဆက်လက်ရေးဆွဲနေခဲ့တယ်လို့လည်း ဆိုပါတယ်။
Lisa Gherardini ဆိုတဲ့ အမျိုးသမီးပုံကို ရေးဆွဲထားတဲ့ အဲ့ဒီပန်းချီကားကို ပြင်သစ်ဘုရင် ၁ က ပိုင်ဆိုင်ခဲ့ပြီးတဲ့နောက် ၁၇၉၇ ခုနှစ်ကစလို့ Louvre ပြတိုက်မှာ ပြသခဲ့တာဖြစ်ပါတယ်။
Ref:Reuters