ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး လမ်းတွေထဲမှာ ဘိုလီဗီးယားနိုင်ငံက သေမင်းတမန်လမ်းလည်း ပါဝင်ပါတယ်။ ပေပေါင်း ၁၁,၀၀၀ အမြင့်မှာရှိတဲ့ ဒီလမ်းကို သာမန် သတ္တိနဲ့တော့ ဖြတ်သန်းဖို့ မလွယ်ကူပါဘူး။ ဒီလမ်းဟာ ဆောင်းရာသီမှာ မြူနှင်းတွေ အုံ့ဆိုင်းနေလေ့ရှိပြီး မိုးအခါမှာဆိုရင် မြေပြိုတာ၊ တောင်ကမ်းပါးယံ ပြိုကျတာတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီးပါပြီ။
ဒါပေမဲ့ ဘိုလီဗီးယားနိုင်ငံက အသက် ၇၀ အရွယ် အဘွားအို Mirtha Munoz ဟာ ၃၇ မိုင် ရှည်လျားတဲ့ သေမင်းတမန်လမ်း စက်ဘီးစီးပြိုင်ပွဲကို ဝင်ရောက်ခဲ့ပါတယ်။ သူမဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက သေမင်းတမန်လမ်းပေါ် စက်ဘီးစီးဖို့ စိတ်အားထက်သန်နေခဲ့သူ တယောက်ပါ။
သူမရဲ့ စက်ဘီးစီးဖြစ်ပုံ အကြောင်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူမရဲ့သားဖြစ်သူဟာ အသက်ငယ်ငယ်နဲ့ပဲ ဆုံးရှုံးသွားခဲ့ပါတယ်။ မမျှော်လင့်ထားတဲ့ ဒီဖြစ်ရပ်ကြောင့် သူမမှာ စိတ်ဝေဒနာ စွဲကပ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိသားစုဝင်တွေနဲ့ စိတ်ရောဂါကု ဆရာဝန်လည်းဖြစ်တဲ့ သူငယ်ချင်းဖြစ်သူက စက်ဘီးစီးဖို့ အကြံပေးခဲ့ပါတယ်။
“စိတ်ရောဂါကု ဆရာဝန်ဖြစ်တဲ့ သူငယ်ချင်းက စက်ဘီးစီးတာဟာ ကျမ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာစေနိုင်သလို ကျမဘဝကို ပြန်လည်ထူထောင်ဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်ဆိုပြီး အကြံပေးခဲ့ပါတယ်”လို့ Mirtha Munoz က ပြောပါတယ်။
အဲဒီနောက်မှာတော့ သူမဟာ စက်ဘီးစတင် စီးခဲ့ပြီး သေမင်းတမန်လမ်း စက်ဘီးစီးပြိုင်ပွဲကို ဝင်ရောက်ခဲ့ပါတယ်။ ပြိုင်ပွဲမှာလည်း တခြား ငယ်ရွယ်သူများနည်းတူ စက်ဘီးစီးနင်းနိုင်ခဲ့ပြီး အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
မတ်စောက်တဲ့ တောင်တက် လမ်းတွေမှာလည်း သူမဟာ အနားမယူခဲ့ဘဲ တောက်လျှောက် စက်ဘီးစီးပြီးတက်ခဲ့တယ်လို့ သူမက ပြောပါတယ်။ ဒီပြိုင်ပွဲရဲ့ အောင်ပွဲဟာ သူမအတွက်တော့ အကြီးမားဆုံးအောင်ပွဲပါ။
အခုဆိုရင်တော့ သူမရဲ့ မြေး ၆ ယောက်ကလည်း သူမနဲ့ စက်ဘီးအတူ စီးနေကြပြီး အသက် ၁၈ နှစ်အရွယ် အကြီးဆုံးမြေးကတော့ နောင်တချိန် သူမရဲ့ခရီးစဉ်တွေမှာ လိုက်ပါစီးနင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ သူမဟာ စက်ဘီးပြိုင်ပွဲတွေမှာ ဆုများစွာ ရရှိထားသူ ဖြစ်ပါတယ်။
Ref: Reuters, Timesofindia
You may also like these stories:
တနေ့ကို ဘီယာ တခွက်သောက်ပြီး အသက်ရှည်ခြင်း လျှို့ဝှက်ချက်ကို ပြောပြတဲ့ အဘွားအို
အသက် ၅၀ ကျော်ပေမယ့် လှပနေဆဲ ဂျပန် Cosplayer အမျိုးသမီး
ခွေးလေခွေးလွင့်တွေအတွက် အနွေးထည်ချုပ်ပေးတဲ့ အသက် ၈၉ နှစ်အရွယ် အဘွား
အသက် ၁၀၀ ကျော်တဲ့ အထိ Drum တီးနေဆဲ ဖြစ်တဲ့ အဘွားအို
ရေခဲမြစ်ကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ကူးတဲ့အဘွားအို ရေခဲမြစ်ထဲမျောပါ
ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးများအကြောင်း
တောင်းစားနေပေမယ့် ချမ်းသာကြွယ်ဝတဲ့ အဘွားအို