ဒီနေ့ခေတ်မှာတော့ ပိတ်ရက်ရှည် ပိတ်ပြီဆိုတာနဲ့ ခရီးထွက်ဖို့ ပြင်ဆင်ကြပါတယ်။ မိသားစုနဲ့ပဲ ခရီးထွက်မလား၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့လား၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲလား၊ ပြည်တွင်းလား၊ ပြည်ပလား စီစဉ်ရင်းနဲ့ ဖြတ်သန်းလေ့ ရှိကြပါတယ်။ ဒါဆိုရင် အားလပ်ရက် ပိတ်ရက်ရှည်တွေ ရတာနဲ့ ခရီးပဲ ထွက်ကြတော့မှာလား၊ အိမ်မှာပဲ အနားယူမယ်ဆိုရင်လည်း အားသာချက် ကောင်းကျိုးတွေ ရှိနေပါတယ်။
ပထမဆုံးအချက်ကို လွယ်လွယ်ပြောရရင် ပိုက်ဆံမကုန်တာပဲပေါ့။ အားလပ်ရက်ကို အိမ်မှာပဲ အနားယူလိုက်ရင် ခရီးသွားရင် ကုန်မယ့်ပိုက်ဆံတွေ အများကြီး ပိုထွက်လာမှာပါ။ ခရီးတခုသွားပြီဆိုတာနဲ့ မသွားခင် ကြိုတင်ပြင်ဆင်စရိတ်၊ ခရီးစဉ်တွင်းမှာ ဝယ်ခြမ်းမိတဲ့ စရိတ်နဲ့ မဖြစ်မနေ ကုန်ကျမယ့် တည်းခိုစရိတ်၊ အစားအသောက်၊ အသွားအလာစရိတ် အားလုံးပေါင်းလိုက်ရင် စုဆောင်းထားသမျှလေးတွေ အနည်းနဲ့အများတော့ ပွန်းပဲ့ကုန်ပါတယ်။
ခရီးထွက်တယ်ဆိုတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအချက်ကတော့ အေးအေးဆေးဆေး အနားယူချင်တာပါ ပဲ။ အမြဲတမ်း အိမ်နဲ့ရုံး၊ ရုံးနဲ့အိမ်ပဲ သွားလာလှုပ်ရှားနေရတဲ့ ဘဝကြီးကနေ ခဏလောက် မွန်းကြပ်မှုတွေကို ရှောင်ပြေးချင်လို့ ခရီးသွားကြတာပါ။
ဒါပေမယ့်လည်း အားလပ်ရက်ရှည်တွေမှာတော့ ကိုယ့်လို အကြံတူတွေ များနေပြီဆိုရင် ဘယ်နေရာသွားသွား လူတွေပြည့်နေတာမို့ ခရီးသွားတဲ့အရသာထက် လူရောစိတ်ရော ပင်ပန်းလာတာပဲ အဖတ်တင်ပါလိမ့်မယ်။
အားလပ်ရက်ခရီးထွက်ဖို့ အိမ်ကနေ စထွက်လိုက်ပြီဆိုတာနဲ့ ကားဂိတ်၊ မီးရထားဘူတာ၊ လေဆိပ်တွေမှာ ကိုယ့်ရှေ့က ပြည့်ကြပ်နေတဲ့ လူတန်းရှည်ကြီးကို ဖြတ်ကျော်ဖို့ အချိန်စောထွက် ပြင်ဆင်ရမယ်။ လမ်းပေါ်မှာတင် အချိန်ကုန်သွားနိုင်လို့ ကြိုတင်စဉ်းစားရမှာတွေနဲ့ မသွားခင်ကတည်းက ခေါင်းကိုက်စရာပါ။
ဒီလို လူတွေများတာနဲ့ တပြိုင်နက် မလိုလားအပ်တဲ့ ပြဿနာတွေ တခြားသူနဲ့ တက်နိုင်သလို၊ ကိုယ့်အချင်းချင်းလည်း အငြင်းပွားစရာ၊ ကတောက်ကဆ ဖြစ်စရာတွေကို ရှောင်ချင်တယ်ဆိုရင်တော့ အိမ်မှာပဲ အေးအေးဆေးဆေး အနားယူပါလို့ အကြံပေးချင်ပါတယ်။
အိမ်မှာပဲ အနားယူရမယ်ဆိုလို့ ပျင်းစရာကောင်းတယ် မထင်လိုက်ပါနဲ့။ တကယ်တမ်း စဉ်းစားကြည့်ရင် မိသားစုနဲ့ အေးဆေးတွေ့ရမယ့်အချိန် ပိုများလာမယ်၊ ပိတ်ရက်မှာ တူတူစုပြီး မုန့်တွေ လုပ်စားနိုင်သလို၊ သင်ကိုယ်တိုင် မအားလို့ မလုပ်ဖြစ်တဲ့ ကိုယ့်ဝါသနာပါရာလေးတွေကိုတောင် အချိန်ပေးလာနိုင်လာပါလိမ့်မယ်။
အိမ်မှာပဲ အနားယူသူတွေရနိုင်မယ့် နောက်ထပ်အခွင့်ရေးကတော့ လူတိုင်းလိုလို ခရီးထွက်နေချိန်မှာ အရင်ရှုပ်ယှက်ခတ်ပြီး အမြဲပိတ်နေတဲ့ မြို့ထဲလမ်းတွေပေါ်မှာ အေးဆေးဆေး သွားလာနိုင်တာပါပဲ။
Ref: TEN.info
You may also like these stories:
မိခင်တွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခက်နေတာ ဘာကြောင့်လဲ
ရာသီခွင်အလိုက် စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်းကောင်းများ
ခရီးသွားတွေကို နောက်တခါမသွားချင်အောင် စိတ်ပျက်စေခဲ့တဲ့ ကမ္ဘာကျော် နေရာများ