စာသင်ကြားပေးတဲ့ ဆရာအလုပ်ဟာ တခြားသော အလုပ်တွေထက် စိတ်ဖိစီးမှုများတဲ့ အလုပ်တခုဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာ စိတ်ဖိစီးမှုအများဆုံး အလုပ်တခုဖြစ်ကြောင်း National Foundation for Educational Research က လေ့လာသူတွေက အတည်ပြုပြောကြားလိုက်ပါတယ်။
ပညာရေးဆိုင်ရာ သုတေသန လေ့လာမှုပညာရှင်တွေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ သုသေသနပညာရှင်တွေ ပေါင်းစပ်ကာ ဒီလေ့လာမှုကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး ကမ္ဘာပေါ်က စိတ်ဖိစီးမှုအများဆုံး အလုပ်တွေထဲကမှ တခုအပါအဝင် ဖြစ်ကြောင်းကို အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
လေ့လာမှုစစ်တမ်းတွေအရဆိုရင် စာသင်ကြားပေးတဲ့ ဆရာ ၅ ဦးမှာ တဦးနှုန်းနဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံစားနေကြရတာဖြစ်ပြီး တခြားသော လုပ်ငန်းခွင်တွေမှာတော့ ၈ ဦးမှာ တဦးနှုန်းခန့်နဲ့ စိတ်ဖိစီးမှုဒဏ်ကို ရင်ဆိုင်နေကြရတယ်လို့ အချက်အလက် မှတ်တမ်းတွေအရ သိရပါတယ်။
နိုင်ငံတကာမှာဆိုရင်တော့ ကျောင်းသားဦးရေတွေကသာ တနေ့ထက်တနေ့ များပြားလာနေပြီး စာသင်ကြားပေးရတဲ့ ဆရာဦးရေ နည်းပါးနေခြင်းကြောင့် ဒီလိုမျိုး စိတ်ဖိစီးမှု ပြဿနာတွေကို ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။
National Foundation for Educational Research ကထုတ်ပြန်တဲ့ လေ့လာချက်တွေအရ တခြားသော အလုပ်တွေထက် စိတ်ဖိစီးမှုများရတဲ့ အကြောင်းရင်းနောက်တခုကတော့ စာသင်ကြားပေးရတဲ့ ဆရာ၊ဆရာမ အလုပ်ဟာ အားလပ်ချိန် အနည်းငယ်သာ ရပြီး အားလပ်ချိန်တွေမှာဆိုရင်လည်း စာသင်ကြားပေးဖို့ အတွက် သုတေသနတွေ၊ လေ့လာမှုတွေ ပြုလုပ်နေရတာကြောင့် အားလပ်ချိန်ထက် အလုပ်ချိန်ဟာ ပိုများနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာမှာ ကြုံတွေ့နေရတဲ့ ကျောင်းသားနဲ့ ဆရာဦးရေ မမျှတမှုဟာလည်း စိတ်ဖိစီးမှုကို ပိုမိုဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတခုဖြစ်ပြီး အလုပ်ဝင်ပြီး သိပ်မကြာခင်မှာ အလုပ်ထွက်ကြတဲ့ ဆရာဦးရေဟာလည်း သိသိသာသာ မြင့်တက်လာနေပါတယ်။
ဒါနဲ့ပတ်သက်ပြီး National Foundation for Educational Research မှ သုတေသီတဦးက “ စာသင်ကြားပေးရတဲ့ ဆရာအလုပ်ဟာ ဂုဏ်ငယ်စရာ အလုပ်တခု မဟုတ်ကြောင်းကို ပိုပြီးသိဖို့လိုပါတယ်။ နိုင်ငံတကာမှာ စာသင်ရတဲ့ဆရာတွေရဲ့ ဝင်ငွေလစာ နည်းပါးမှုဟာလည်း ဆရာဦးရေ နည်းပါးလာတဲ့ အကြောင်းရင်းတခုပါ၊ အလုပ်ချိန်များပြီး ဝင်ငွေကျနည်းနေတဲ့ အခြေအနေတခုကို ပြောင်းလဲပစ်ဖို့ လိုပါတယ်”လို့ ဆိုပါတယ်။
Ref. www.independent.com
You may also like these stories:
ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး တိရစ္ဆာန် ၇ မျိုး
လူတွေ ဓာတ်ပုံရိုက်သလို ပို့စ်ပေးကြတဲ့ အာဖရိကက ဂေါ်ရီလာ မျောက်ဝံနှစ်ကောင်