Uniqlo အမှတ်တံဆိပ်ဟာ အရည်အသွေးကောင်းပြီး သပ်ရပ်ရိုးရှင်းတဲ့ ဒီဇိုင်းတွေနဲ့ ကမ္ဘာတဝှမ်း ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ရောင်းချနေတဲ့ ဂျပန်နိုင်ငံအခြေစိုက် အဝတ်အထည် ကုမ္ပဏီကြီးပါ။ သူကလည်း ပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာမှုကို ကာကွယ်တဲ့အနေနဲ့ ဂျင်းဘောင်းဘီ ချုပ်လုပ်ရာမှာ ရေအသုံးပြုမှုကို ၉၉ ရာခိုင်နှုန်း လျှော့ချတော့မယ်လို့ ဆိုပါတယ်။
ဂျင်း (Jeans) လို့ ဆိုလိုက်တာနဲ့ လူတိုင်းကြိုက်နှစ်သက်ပြီး ဝတ်ဆင်နေကြတဲ့ မရှိမဖြစ်လို့တောင် တင်စားကြတဲ့ အဝတ်အထည်ပါ။ တဖက်မှာလည်း ဂျင်းဘောင်းဘီချုပ်လုပ်ရာမှာ နေထိုင်ရာကမ္ဘာကြီးအတွက် အဆိပ်တောက်ဖြစ်စေပြီး ဆိုးကျိုးတွေ ရှိနေပါတယ်။ အကြောင်းရင်းကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်တခုမှာ ဂျင်းတထည်ဖြစ်ဖို့ ကုန်ကြမ်းအဆင့်မှာတင် ရေလီတာပေါင်း ၁ သောင်းကျော် အသုံးပြုရတယ်လို့ ဆိုပါတယ်။
အဆိုပါ ရေလီတာ ပမာဏဟာ ကုန်ကြမ်းအတွက်ပဲဖြစ်ပြီး နောက်ဆုံးအဆင့် လျှော်ဖွပ်ရတဲ့ အဆင့်တွေကိုပါ ထည့်မတွက်ရသေးပါဘူး။ ဒီအချက်ကိုကြည့်ရင် ဈေးကွက်ထဲရောက်တဲ့အထိ ဂျင်းတထည် ဖြစ်လာဖို့ ရေလီတာ ပေါင်းများစွာ အသုံးပြုရပါတယ်။
ရေအရင်းမြစ် ဆုံးရှုံးမှုများလာခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ နှစ်စဉ် အဝတ်အထည် မြောက်မြားစွာ ထုတ်လုပ်လာကြတာကလည်း ပြဿနာတရပ် ဖြစ်လာပါတယ်။ ကမ္ဘာ့အနှံ့ ဖြန့်ဖြူးရောင်းချနေတဲ့ အဝတ်အထည်လုပ်ငန်းကနေ နှစ်စဉ် အမျိုးအစားပေါင်း ၁၅ ဘီလီယံနီးပါး ထုတ်လုပ်လာတာဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကထက်စာရင် ၂ ဆ ပိုများလာစေတဲ့ အကြောင်းရင်းကလည်း အချိန်ခဏလေး ဝတ်ဆင်ပြီး စွန့်ပစ်လာကြတာကြောင့်ပါ။
စင်ကာပူနိုင်ငံမှာဆိုရင်လည်း ၂၀၁၇ ခုနှစ်က လေ့လာချက်အရ ၇၃ ရာခိုင်နှုန်းသော အဝတ်အထည်တွေကို အချိန်တိုအတွင်း စွန့်ပစ်လိုက်ကြပြီး ဒီထဲက ၂၅ ရာခိုင်နှုန်းဆိုရင် ၁၀ စုံထက်မနည်း တချိန်တည်းမှာ စွန့်ပစ် နေတယ်လို့ ဖော်ပြပါတယ်။
Uniqlo ဟာလည်း တနှစ်ကို ကမ္ဘာအနှံ့အပြား အဝတ်အထည်အမျိုးအစားပေါင်း ၁ ဒဿမ ၃ ဘီလီယံနီးပါး ဖြန့်ဖြူး ရောင်းချနေတာကြောင့် အဆိုပါ ပြဿနာကို အဖြေရှာဖို့ စတင် အကောင်အထည်ဖော်လာခဲ့ပါတယ်။ ထုတ်လုပ်တဲ့ အဝတ်အထည်တွေကို ကြာရှည်ခံအောင် အရည်သွေးမီ ထုတ်လုပ်ပေးနေတဲ့အပြင် ရေအသုံးပြုမှု လျော့နည်းအောင်ပါ စမ်းသပ်ခဲ့ကြပါတယ်။
ဂျင်းတွေဟာ တခြားအဝတ်ထည်တွေလို ချုပ်လိုက်ရုံနဲ့ မပြီးသွားဘဲ လူကြိုက်များတဲ့ ဖက်ရှင်အဖြစ် ဂျင်းအထည်သစ်တွေကို အဟောင်းပုံစံဖြစ်အောင် လျှော်ဖွပ်ရတဲ့ အဆင့်တွေမှာ ရေအများအပြား အသုံးပြုရပါတယ်။ နောက်ပိုင်းမှာတော့ ခေတ်မီဆန်းသစ်ထားတဲ့ Nanobubble နည်းပညာကိုအသုံးပြုပြီး ရေအသုံးပြုမှုကို ၉၉ ရာခိုင်နှုန်းထိ လျှော့ချနိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ရေအသုံးပြုမှု လျှော့ချလိုက်တဲ့အပြင် Uniqlo ဟာ အဝတ်အထည် ထုပ်ပိုးမှုမှာလည်း ပလတ်စတစ်အသုံးပြုမှု ၈၅ ရာခိုင်နှုန်းလျော့ချထားတာကြောင့် ပလတ်စတစ်စွန့်ပစ်မှု တန်ချိန် ၇,၈၀၀ လောက် လျော့နည်းစေတယ်လို့ ဆိုပါတယ်။
Ref: CNA Lifestyle
You may also like these stories:
ဂျင်းဘောင်းဘီအဟောင်းတွေကို ပြန်လည် အသုံးချနိုင်မယ့် နည်းလမ်းကောင်းများ
အသားကပ်ဘောင်းဘီ ဝတ်တဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်များ
အဝတ်လျှော်စက်နဲ့ အဝတ်လျှော်သူတွေ ပြုလုပ်လေ့ရှိတဲ့ အမှားများ