တခြားသူတယောက်ရဲ့ ဖုန်းကို ခွင့်ပြုချက် မရဘဲ ဖြစ်စေ၊ အသိမပေးဘဲ ဖြစ်စေ ယူကြည့်တတ်ကြတာမျိုးကို တော်တော်များများ ပြုလုပ်ဖူးကြမှာပါ။ ကိုယ်ကတော့ ဘာရယ် မဟုတ်၊ အမှုမဲ့အမှတ်မဲ့နဲ့ လုပ်လိုက်တဲ့ ကိစ္စတခုဆိုပေမယ့် ဒါဟာ တခြားသူတယောက်ရဲ့ Privacy ကို ချိုးဖောက်ရာရောက်တာကြောင့် မလုပ်သင့်တဲ့ ကိစ္စတခုလို့လည်း ပြောလို့ရပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာတော့ ကိုယ့်မိသားစုဝင် တယောက်ယောက်ရဲ့ ဖုန်းကိုဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ဖုန်းကိုဖြစ်စေ၊ ကိုယ့်ချစ်သူ အိမ်ထောင်ဘက်ရဲ့ဖုန်းကိုဖြစ်စေ ခွင့်ပြုချက် မရဘဲ ယူကြည့်ရင် ထောင်ဒဏ်တနှစ်နဲ့ Riyal (ဆော်ဒီငွေ) ၅ သိန်းအထိ ဒဏ်ကြေး ပေးဆောင်ရမယ့် ဥပဒေသစ်ကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဒီဥပဒေသစ်ကို အတည်ပြုရတဲ့ ရည်ရွယ်ချက်ကတော့ မိမိရဲ့ သတင်းအချက်အလက်တွေ အလွယ်တကူ ပေါက်ကြားခံရတဲ့ အရေးကနေ ကာကွယ်နိုင်ဖို့နဲ့ Cyber လုံခြုံရေး ချိုးဖောက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက်ဖြစ်တယ်လို့ Arab News မှာ ဖော်ပြထားပါတယ်။
ဒီဥပဒေသစ်အပေါ် လူမှုကွန်ရက် အသုံးပြုသူတွေကြား အမြင်ကွဲလွဲမှုတွေ များစွာထွက်ပေါ်နေပေမယ့် သိပ်မကြာခင်ရက်ပိုင်းမှာ အတည်ပြု ပြဌာန်းတော့မှာ ဖြစ်ပါတယ်။
Privacy ဆိုတာမျိုးက ချစ်သူရည်းစားတွေ၊ ဇနီးမောင်နှံတွေကြားမှာသာ မဟုတ်ဘဲ မိသားစုဝင် အချင်းချင်းနဲ့ မိတ်ဆွေတွေကြားမှာပါ ထားရှိသင့်တဲ့ ကိစ္စတခုဖြစ်ပြီး အခုလို အင်တာနက်ခေတ်မှာ ကိုယ်ရဲ့ Personal Data အခိုးခံရတာမျိုးတွေ၊ သတင်းအချက်အလက် ပေါက်ကြားတာမျိုးတွေဟာ မကြာမကြာဆိုသလို ဖြစ်ပေါ်နေတဲ့ ကိစ္စတခု ဖြစ်တာကြောင့် ဒီဥပဒေမျိုးဟာ လိုအပ်တယ်လို့ ဥပဒေအကြံပေးတွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရှေ့နေတဦးလည်းဖြစ်သလို ဥပဒေအကြံပေးတဦးလည်းဖြစ်တဲ့ Abdul Aziz bin Batel က “အခုနောက်ပိုင်း အဖြစ်များလာတဲ့ မှုခင်းဖြစ်ရပ်တွေ တော်တော်များများက ဖုန်းတွေ၊ ကွန်ပျူတာတွေကို အသုံးပြုပြီး ကျူးလွန်ကြတာမျိုးတွေ များလာနေပါတယ်”
“ဒီလိုဖြစ်ရခြင်းကလည်း ခွင့်ပြုချက် မရှိဘဲ တခြားသူတယောက်ရဲ့ ဖုန်းကို ယူကြည့်တာမျိုးတွေကနေ စတာပေါ့၊ ဒါကို လက်ပူးလက်ကြပ်မိတာနဲ့ ထောင်ဒဏ်အနေနဲ့ရော ငွေဒဏ်အနေနဲ့ပါ အရေးယူဆောင်ရွက်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။
Ref. www.worldofbuzz.com
You may also like these stories:
သင့်ဖုန်းကို သင်ကိုယ်တိုင် ဖျက်စီးနေမိတဲ့ အချက်များ
စမတ်ဖုန်းကို စမတ်ကျကျ သုံးချင်သူတွေ သိထားသင့်တဲ့ အချက်များ
မိဘတွေကို စာပြန်မှ ဖုန်း Unblock ဖြုတ်လို့ရမယ့် App ကို တီထွင်လိုက်တဲ့ ဖခင်
အွန်လိုင်းပေါ်မှာ မလိုအပ်ပဲ မိမိ ပုဂ္ဂလိက ဒေတာတွေ မပေးမိဖို့ ကိုယ်တိုင် ထိန်းချုပ်ရမယ်