သစ်တောပြုန်းတီးမှုတွေနဲ့အတူ မျိုးသုဉ်းပျောက်ကွယ်ရှားပါးလာပြီဖြစ်တဲ့ တောရိုင်းတိရိစ္ဆာန်မျိုးစိတ်တွေဟာလည်း တဖြေးဖြေးများပြားလာနေပြီပဲဖြစ်ပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေရဲ့ သားရေကိုအသုံးပြုပြီး လူ့အသုံးအဆောင်ပစ္စည်း တွေပြုလုပ်မှုကို လျှော့ချဖို့ ကနေဒါနိုင်ငံက ကုမ္ပဏီတခုဟာ သူတို့ရဲ့ ပထမဆုံးခြေလှမ်းကို စတင်လိုက်တာပဲ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံ Toronto မြို့ အခြေစိုက် ကုမ္ပဏီတခုဟာ ပန်းသီးအခွံတွေကို ပြန်လည်အသုံးပြုပြီး အသီးအနှံက ရတဲ့ သားရေအတုကို ထုတ်လုပ်လိုက်တာပါ။ အဲဒီသားရေအတုကိုအသုံးပြုကာ အသေးစားပိုက်ဆံအိတ် တလုံးကို SAMARA ဖက်ရှင်အဖွဲ့ဟာ ပထမဆုံးဖန်တီးခဲ့ကြတာလည်းဖြစ်ပါတယ်။
သူတို့ရဲ့ စိတ်ကူးကတော့ အသုံးအဆောင်ပစ္စည်းတွေထုတ်လုပ်တဲ့အခါမှာ အရင့်အရင်ကအသုံးပြုတဲ့ တိရစ္ဆာန် ကုန်ကြမ်း တွေအစား အသီးအနှံတွေကနေ ထုတ်လုပ်ထားတဲ့ သားရေအတုတွေ ဆက်လုပ်အသုံးပြုသွားဖို့ ဖြစ်ကြောင်း အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။
TreeHugger နဲ့ အင်တာဗျူးတခုမှာတော့ SAMARA ရဲ့ ဒီဇိုင်နာတွေဟာ သူတို့အနေနဲ့ Polyurethane (PU) ကို အရာဝတ္ထုတွေ တခုနဲ့တခုပေါင်းစပ်ဖို့ လတ်တလော အသုံးပြုနေဖြစ်တာဖြစ်ကြောင်း ၊ အထည်ချုပ်စက်ရုံတွေမှာ အသုံးများတဲ့ polyvinyl chloride (PVC) ကော်တွေထက်စာရင် PU အသုံးပြုခြင်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ အသုံးပြုသူတွေအတွက် ပိုပြီး သင့်လျော်ကြောင်း ဖွင့်ဟခဲ့တာပါ။
SAMARA အဖွဲ့မှာတော့ ဖက်ရှင်ဘလော့ဂါ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ၂၇နှစ်အရွယ် Marwa samara နဲ့ ၂၃နှစ်အရွယ် Aateka Samara တို့ ပါဝင်တာဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက် SAMARA မှာတော့ အခုလို ရေးသားထားပါတယ်။
“သားရေအတု ထုတ်လုပ်မှုဟာ တဖြေးဖြေးဖွံ့ဖြိုးလာတော့မှာဖြစ်ပြီး အပင်တွေကရတဲ့ အရာတွေနဲ့ လိုအပ်တဲ့ ကုန်ကြမ်းတွေ ထုတ်လုပ်လာနိုင်တော့မှာပါ။ ကျမတို့ညီအစ်မနှစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက အသုံးအဆောင်ပစ္စည်းအသေးစားလေးတွေကို ပန်းသီးအခွံသားရေအတုကနေ ထုတ်လုပ်ဖို့ ကြိုးစားခဲ့ကြတာပါ” လို့ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။
Mini Collection အဖြစ် သူတို့ရဲ့ ပထမဆုံးကုန်ပစ္စည်းကို ဝက်ဘ်ဆိုက်မှာပဲ မိတ်ဆက်ခဲ့ကြတာဖြစ်ပြီး သားရေတုနဲ့ ပြုလုပ်ထားတဲ့ ပိုက်ဆံအိတ်ကို ဒေါ်လာ ၅၀ ကျသင့်မှာလည်းဖြစ်ပါတယ်။ SAMARA အနေနဲ့ ပိုက်ဆံအိတ်ရောင်းချလို့ ရတဲ့ အကျိုးအမြတ်တွေထဲကနေ အရှေ့အာဖရိကမှာ ရှိတဲ့ ဆိုလာစနစ်သုံးလျှပ်စစ်ဓာတ်အား တည်ဆောက်မှုအတွက် ခွဲဝေလှူဒါန်းသွားမှာဖြစ်ကြောင်း ဖော်ပြထားတာလည်း ဖြစ်ပါတယ်။
Ref. truththeory.com
You may also like these stories:
ကိုရီးယား လူသုံးကုန်ပစ္စည်းတွေအတွက် အင်အားကောင်း မားကတ်တင်းလက်နက် ဖြစ်လာတဲ့ K-pop
ကမ္ဘောဒီးယားကို ရောက်လာတဲ့ စွန့်ပစ် ပလတ်စတစ်များ အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ ပြန်ပို့မည်