အင်ဒိုနီးရှားနိုင်ငံတွင်း တောမီးလောင်ကျွမ်းမှုဟာ အရင်နှစ်ကထက်စာရင် ပိုမိုများပြားလာတယ်လို့ ကောက်ယူ ရရှိခဲ့တဲ့ အချက်အလက်တွေပေါ် မူတည်ပြီး အောက်တိုဘာ ၂၁ ရက်မှာ တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလထိ မီးလောင်ကျွမ်းမှု အရေအတွက်ဟာ ၂၀၁၈ ခုနှစ်ကထက်စာရင် ပိုများလာခဲ့ပါတယ်။ သစ်တောနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ၂၀၁၉ စက်တင်ဘာအကုန်ထိ နိုင်ငံအတွင်းမှာ တောမီးလောင်ကျွမ်းမှုပေါင်း ၈၅၇,၇၅၆ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ပမာဏဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကနေ သြဂုတ်လထိ တောမီးလောင်ကျွမ်းမှုပေါင်း ၅၂၉,၂၆၇ ကြိမ်ထက်စာရင် ၂၀၁၉ မှာ ပိုများလာတာကို အချက်အလက်တွေအရ တွေ့ရမှာပါ။ ၂၀၁၅ ခုနှစ်ထဲက ဆက်တိုက် ဆိုသလို လောင်ကျွမ်းလာတဲ့ တောမီးကြောင့် ၂ ဒဿမ ၆ ဟက်တာခန့် မီးလောင်ကျွမ်းခံခဲ့ရပါတယ်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေ သြဂုတ်လအတွင်း မြေနေရာပေါင်း ၃၂၈,၇၂၄ ဟက်တာ လောင်ကျွမ်းခဲ့ပြီး ဆက်လက် လောင်ကျွမ်းနေဆဲမို့ အောက်တိုဘာလကုန်မှာ လောင်ကျွမ်းခံ ဟက်တာ ပိုမြင့်တက်လာဖို့ရှိနေတယ်လို့ သစ်တောနဲ့ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
“မီးငြိမ်းသတ်ရေး အစီအစဉ်တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပါတယ်။ ဒီနေ့ဆို မြေပြင်မှာ မီးငြိမ်းသတ်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေက တောမီး ဆက်မပြန့်နိုင်အောင် တားဆီးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရှိတယ်”လို့ သစ်တောနဲ့ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး Panjaitan က ဆိုပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ ဘော်နီယိုနဲ့ စူမားတြားမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အိမ်နီးချင်းနိုင်ငံတွေဖြစ် တဲ့ စင်ကာပူနဲ့ မလေးရှားနိုင်ငံထိပါ မီးခိုးမြူတွေဖြစ်ပေါ်လာခဲ့တဲ့ ပြဿနာကို ဖြေရှင်းနေရတာ လပေါင်း အတော်ကြာနေပါပြီ။
စူမားတြားမှာရှိတဲ့ နေရာတချို့မှာ မိုးစတင်ရွာသွန်းခဲ့ပေမယ့် ပန်ဂျိုင်တန်ဒေသမှာတော့ မိုးရာသီက နိုဝင်ဘာလလယ်လောက်ထိ မကျနိုင်သေးပါဘူး။ ဂျာဗားကျွန်းမှာရှိတဲ့ ပန်ဂျိုင်တန်မှာတော့ တောမီးလောင်ကျွမ်းမှု ရှိနေဆဲမို့ သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
အောက်တိုဘာ ၂၀ ရက်ကလည်း သဘာဝဘေးအန္တရာယ် လျော့ကျရေး အေဂျင်စီက ဂျာဗားကျွန်းအရှေ့ဘက်မှာရှိတဲ့ ရမ်တီတောင်ပေါ်ကနေ တောမီးအန္တရာယ်ကြောင့် တောင်တက်သမား ၄ ဦးကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဂျာဗားမှာရှိတဲ့ တောင်တွေကို တက်ကြတဲ့ တောင်တက်သမားတွေဟာ စီးကရက်သောက်ပြီး စည်းကမ်းမဲ့ ပစ်ခဲ့ တာကြောင့် တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့ရတာလို့ Panjaitan က ဆိုပါတယ်။
Ref: CNA
You may also like these stories:
အင်ဒိုနီးရှားတောမီးကြောင့် စင်ကာပူနိုင်ငံတဝှမ်း မီးခိုးမြူဆိုင်းကာ လေထုအရည်အသွေးကျဆင်း
တောမီး မငြိမ်းပါက ရဲတပ်ဖွဲ့နဲ့ စစ်တပ် အရာရှိတွေကို အလုပ်ဖြုတ်မယ်လို့ အင်ဒိုနီးရှားသမ္မတ ပြောကြား