အိန္ဒိယတက္ကသိုလ်တခုမှာ ကျောင်းသားတွေ စာမခိုးချစေဖို့ စက္ကူပုံးတွေ ခေါင်းဆောင်းပြီး စာမေးပွဲဖြေစေခဲ့တဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ မကြာသေးခင်က ပေါ်ထွက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၊ Karnataka ပြည်နယ် Haveri မြို့မှာရှိတဲ့ Bhagat Pre-University College မှာ ဒီလိုမျိုး စက္ကူဂျက်ပုံးတွေ ခေါင်းဆောင်းပြီး စာမေးပွဲဖြေစေခဲ့တာဖြစ်ပြီး ဓာတ်ပုံတွေကိုတော့ ကျောင်းဝန်ထမ်းတဦးက ရိုက်ကူးကာ လူမှုကွန်ရက်မှာ တင်ခဲ့တာဖြစ်ပါတယ်။
စာမေးပွဲမေးခွန်းနဲ့ အဖြေလွှာတွေကို ကြည့်နိုင်ဖို့ စက္ကူဂျက်ပုံးရဲ့ရှေ့မှာ မျက်လုံးပေါက်နှစ်ပေါက် ဖောက်ထားစေတာ ဖြစ်ပြီး ဒီလိုမျိုးအမြင်အာရုံကို ကန့်သတ်လိုက်တဲ့အတွက်ကြောင့် ဘေးဘီဝဲယာကိုတော့ ကြည့်လို့မြင်နိုင်မှာ မဟုတ်ပါဘူး။
လူမှုကွန်ရက်မှာ တင်လိုက်တဲ့ ဒီဓာတ်ပုံကြောင့် ကျောင်းအနေနဲ့ ဝေဖန်မှုတွေ အပြင်းအထန် ခံနေရပြီး ဒီလိုမျိုးပြုလုပ်ခြင်းဟာ ကျောင်းသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သလို တိရစ္ဆာန်တွေလို ဆက်ဆံရာရောက်ကြောင်းလည်း ဝေဖန်ပြောဆိုနေကြပါတယ်။
ဒါ့အပြင် ဒီလိုမျိုး စက္ကူပုံးတွေ ခေါင်းဆောင်းပြီး စာမေးပွဲ ဖြေဆိုခိုင်းခြင်းဟာ စာခိုးချခြင်းကို အပြည့်အဝ ကာကွယ် တားဆီးပေးနိုင်မှာ မဟုတ်သလို စာတကယ် ခိုးချချင်တဲ့ ကျောင်းသားတွေအနေနဲ့လည်း တခြားနည်းလမ်း အသစ်အဆန်းတွေကို အသုံးပြုပြီး စာခိုးချနိုင်တာကြောင့် ဒါဟာ မှန်ကန်တဲ့ နည်းလမ်းတခု မဟုတ်ကြောင်း ထောက်ပြဝေဖန်နေကြပါတယ်။
ကျောင်းအပေါ် ဒီလို ထောက်ပြ ဝေဖန်မှုတွေကြောင့် ကျောင်းက တာဝန်ရှိသူတွေ အနေနဲ့လည်း ရှင်းလင်းချက်တွေ၊ တောင်းပန်စာတွေနဲ့ နောက်ထပ် စာမေးပွဲတွေမှာ ဒီလိုအပြုအမူမျိုးတွေ ထပ်မလုပ်ဖို့ မိဘတွေနဲ့တွေ့ဆုံကာ ဝန်ခံလွှာတွေ ပြန်လည် ထုတ်ပြန်ပေးနေရပါတယ်။
ကျောင်းက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ ဒါဟာ ကျောင်းသားတွေကို အတင်းဖိအားပေးပြီး ခိုင်းစေခဲ့တဲ့ လုပ်ရပ် မဟုတ်ကြောင်း၊ စက္ကူပုံးတွေကိုလည်း စာမေးပွဲဖြေဆိုစဉ် တချိန်လုံး ခေါင်းဆောင်းစေခဲ့တာ မဟုတ်ဘဲ ၁၅ မိနစ်ကနေ နာရီဝက်ခန့်ထိသာ ခေါင်းဆောင်းစေခဲ့တာဖြစ်ကြောင်း ပြန်လည် ရှင်းလင်းထားပါတယ်။
၂၀၁၅ ခုနှစ်တုန်းကလည်း အိန္ဒိယနိုင်ငံ Bihar ပြည်နယ်က ကျောင်းတခုမှာ ကျောင်းသားတွေ စာမခိုးချစေဖို့အတွက် မိဘတွေက ကျောင်းနံရံ အပြင်ဘက်ကနေ တွယ်တက်ပြီး စောင့်ကြည့်စေခဲ့တာမျိုး ပြုလုပ်ခဲ့ဖူးပါတယ်။
Ref. edition.cnn.com
You may also like these stories:
ဖီဂျီနိုင်ငံမှာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ကျောင်းသားတွေကို ဘယ်လို ကိုင်တွယ်သလဲ
နိုင်ငံရေးပါတီ တခုကို မဲမှားပေးမိတာကြောင့် ကိုယ့်လက်ကိုယ် ဖြတ်လိုက်တဲ့ အိန္ဒိယနိုင်ငံသား