ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာတော့ ဆေးခြောက်ကို ကျန်းမာရေးအရ တရားဝင်သုံးစွဲခွင့်ပြုထားတဲ့ နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အာရှနိုင်ငံတွေထဲမှာ ပထမဆုံး ဆေးခြောက်ဆေးခန်းကို ဘန်ကောက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံအစိုးရဟာ ဆေးခြောက်နဲ့ ပတ်သက်တဲ့ တားမြစ်ချက်တွေကို တဖြည်းဖြည်း ဖြေလျော့ပေးနေတာဖြစ်ပြီး အခုတခါမှာဆိုရင်လည်း အိမ်တွေမှာ ဆေးဖြစ်ဝါးဖြစ်အနေနဲ့ ဆေးခြောက်ကို တရားဝင် စိုက်ပျိုးထားနိုင်ဖို့အတွက် ဥပဒေကို ဆွေးနွေးနေပြီလို့ Bangkok Post သတင်းဌာနရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံဟာ ဆေးခြောက်အပေါ် သဘောထားအမြင်တွေ ကွဲလွဲကြပေမယ့် ထိုင်းနိုင်ငံမှာတော့ အခုနောက်ပိုင်းနှစ်တွေမှာ ဆေးခြောက်နဲ့ ပတ်သက်တဲ့ အမြင်တွေ ပြောင်းလဲလာပါတယ်။
နိုင်ငံတွင်း ပါတီတခုဖြစ်တဲ့ Bhumanjaithai ပါတီဟာ ဆေးခြောက်ကို အိမ်တွင်းစိုက်ပျိုးနိုင်ဖို့ ဥပဒေမူကြမ်းကို တင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ဆိုပြီး ဒီဥပဒေမူကြမ်းမှာဆိုရင် အိမ်တအိမ်မှာ ဆေးခြောက်ပင် အများဆုံး ၆ ပင်ခန့်ထိ စိုက်ပျိုးဖို့ခွင့်ပြုမှာ ဖြစ်ကြောင်းလည်း ပါဝင်ပါတယ်။
ဒီဥပဒေကို အတည်ပြုဖို့အတွက် အနည်းဆုံး လွှတ်တော်အမတ် ၅၀၀ လောက်က ထောက်ခံမှသာ အတည်ပြုနိုင်မှာ ဖြစ်တာကြောင့် နိုင်ငံတွင်းက တိုင်းရင်းရိုးရာ ဆေးကုပညာရှင်တွေနဲ့ ဆေးခြောက် သုတေသနေပညာရှင်တွေကို ထောက်ခံပေးဖို့အတွက် ပါတီက တိုက်တွန်းမှုတွေ ပြုလုပ်နေတာပါ။
သိပ်မကြာသေးခင် ကာလတုန်းကလည်း မတ်လမှာ ကျင်းပမယ့် ထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲ ကာလတွင်းမှာပါ ဆေးခြောက် ဈေးကွက်ကို ဖွင့်လှစ်ထားပေးဖို့ ကမ်ပိန်းတွေ ပြုလုပ်ခဲ့ပြီး ဆေးခြောက်ရဲ့ ကျန်းမာရေးဆိုင်ရာ အရရော၊ စီးပွားရေးအရပါ အကျိုးအမြတ်တွေကို လေ့လာစဉ်းစားကြဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပါတီဝင်တဦးဖြစ်သူ Supachai Jaisamut က “ဒီဥပဒေကိုသာ အတည်ပြုလိုက်မယ်ဆိုရင် ဆေးခြောက်ဈေးကွက်မှာလည်း အပြိုင်အဆိုင်တွေ ဖြစ်လာနိုင်သလို တိုင်းရင်းဆေးပညာရှင်တွေ အတွက်ရော အိမ်သုံးတနိုင်တပိုင် စိုက်ပျိုးထားချင်သူတွေအတွက်ပါ အဆင်ပြေစေနိုင်မှာပါ” လို့ ဆိုပါတယ်။
Ref. www.vice.com
You may also like these stories:
အမေရိကန်ရဲ့ပထမဆုံး ဆေးခြောက်စားသောက်ဆိုင်ကို LA မှာ ဖွင့်လှစ်
ဆေးခြောက်လျှော်ပင် တရားဝင်စိုက်ခွင့်ရရေး လွှတ်တော်အဆိုတင်မည်
ကင်ဆာ ရောဂါသည်များအတွက် ဆေးခြောက်ဆေးဝါး စတင်ဖြန့်ဝေလိုက်တဲ့ ထိုင်းနိုင်ငံ
ဖီဂျီနိုင်ငံမှာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ကျောင်းသားတွေကို ဘယ်လို ကိုင်တွယ်သလဲ