ထိုင်းနိုင်ငံဟာ ၂၀၁၈ ခုနှစ်ကနေစပြီး ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအနေနဲ့ တရားဝင်သုံးစွဲခွင့် ပြုပေးလိုက်တဲ့ အရှေ့တောင်အာရှရဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဆေးခြောက်ကို တရားဝင် ခွင့်ပြုပေးလိုက်တဲ့ ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ ထိုင်းနိုင်ငံ ပါဝင်လာပြီး အာရှနိုင်ငံတော်တော်များများမှာတော့ ဆေးခြောက်နဲ့ ပတ်သက်ပြီး တားမြစ်ပိတ်ပင်မှုတွေက ရှိနေသေးပါတယ်။
လာမယ့် ၂၀၂၀ ခုနှစ်ရဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကမ္ဘာ့ဆေးခြောက်ပွဲတော်ကို ထိုင်းနိုင်ငံက အိမ်ရှင်အနေနဲ့ လက်ခံကျင်းပဖို့ စီစဉ်နေပြီး ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်းက Nakhon Phanom စီရင်စုမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မြေနေရာအကျယ်အဝန်း ၁၆ ဟက်တာခန့် ကျယ်ဝန်းတဲ့ နေရာမှာ စည်စည်ကားကား ကျင်းပသွားမှာဖြစ်ပြီး ဒါဟာ ဆေးခြောက်နဲ့ ပတ်သက်တဲ့ ပွဲတော်သက်သက်သာ ဖြစ်ပါတယ်။
ဒီပွဲမှာဆိုရင်တော့ ပါတီတွေလိုမျိုး ဆေးခြောက် သုံးစွဲပြီး ကခုန်တာ၊ သောက်စားတာမျိုးတွေတော့ ပါဝင်မှာ မဟုတ်ဘဲ ဆေးခြောက်ရဲ့ ဆေးဘက်ဆိုင်ရာ အသုံးဝင်ပုံတွေ၊ သုတေသန လေ့လာချက်တွေနဲ့ နိုင်ငံတွင်း ဆေးခြောက်ဈေးကွက် တိုးတက် ကျယ်ပြန့်လာဖို့အတွက် ကျင်းပမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီပွဲကို လာရောက်မယ့် အာရှနိုင်ငံက ဧည့်သည်တွေကိုလည်း ဆေးခြောက်နဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ ထင်မြင် ယူဆချက်တွေကို ရှင်းလင်းပြောပြသွားမယ့် အစီအစဉ်တွေလည်း ထားရှိပေးသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဆေးခြောက်ပွဲတော်ကို ထိုင်းနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် ကျင်းပသွားမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး “ဆေးခြောက်ဟာ ဓာတုပစ္စည်း မဟုတ်ပါဘူး၊ အပင်ကနေ ရတဲ့ သဘာဝပစ္စည်း တမျိုးပါပဲ၊ ဒီအပေါ်မှာ လူတွေရဲ့ထင်မြင်နေတဲ့ အတွေးတွေကို ပြောင်းလဲပေးချင်တဲ့ အနေနဲ့ လက်ခံကျင်းပဖို့ စီစဉ်ရတာပါ။ ဒီပွဲမှာ ပြုလုပ်မယ့် Presentations တွေ၊ လေ့လာချက်တွေကို အားလုံးကို လာရောက် နားထောင်လေ့လာစေချင်ပါတယ်”လို့ ပွဲစီစဉ်ကြီးကြပ်သူ Charan Kullawanit က Chiang Rai Times နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
Ref. www.coconuts.co