ဂျပန်နိုင်ငံဟာ အရှေ့အာရှမှာရှိတဲ့ ကျွန်းနိုင်ငံ တနိုင်ငံပါ။ ဂျပန်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ “နေကနေ ဆင်းသက်လာတဲ့ တိုင်းပြည်” ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ကတော့ ဂျပန်နိုင်ငံမှာ အသက် ၁၀၀ နှစ်ပြည့်ပြီးသူနဲ့ အသက် ၁၀၀ အထက်ရှိသူ စုစုပေါင်း ၇၁,၂၇၄ ယောက် ရှိတယ် ဆိုတာပါ။ လွန်ခဲ့တဲ့ နှစ်တွေနဲ့ယှဉ်မယ်ဆိုရင် လူပေါင်း ၁,၄၈၉ ယောက် တိုးလာခဲ့ပါတယ်။ အများစုကတော့ အမျိုးသမီးတွေဖြစ်ကြပြီး အသက်ရှည်သူ စုစုပေါင်းမှာ အမျိုးသမီးရာခိုင်နှုန်းက ၈၈ ဒဿမ ၁ ရာခိုင်နှုန်း ရှိပါတယ်။
၂၀၁၉ ခုနှစ်၊ မတ်လအတွင်းမှာတော့ ဂျပန်နိုင်ငံ၊ ဖူကိုအိုကာမြို့က အဘွားအို Tanaka Kane ဆိုသူဟာ အသက် ၁၁၆ နှစ်ပြည့်ခဲ့ပြီး ဂရင်းနစ်မှတ်တမ်းမှာ ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နောက်ထပ် ဂျပန်နိုင်ငံရဲ့အသက်အရှည်ဆုံး အဘိုးအိုကတော့ Watanabe Chitetsu ဖြစ်ပြီး အသက် ၁၁၂ နှစ်ပြည့်ခဲ့ပါပြီ။ ဂျပန်နိုင်ငံရဲ့ သက်ကြီးရွယ်အိုစာရင်းဟာ နှစ်စဉ်ဆိုသလိုပဲ တိုးတက်လာခဲ့ပါတယ်။
၁၉၆၃ ခုနှစ်မှာတော့ အသက် ၁၀၀ နှစ်နဲ့ ၁၀၀ အထက် ရှိသူ စုစုပေါင်း ၁၅၃ ယောက်သာ ရှိခဲ့ပေမယ့် ၁၉၈၁ ခုနှစ်မှာ ၁၀၀၀ ဦး အထိရှိလာခဲ့ပြီး ၁၉၉၈ ခုနှစ်မှာတော့ ၁ သောင်းနဲ့အထက် ရှိလာခဲ့ပါတယ်။ ဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံဟာ ၁၉၆၃ ခုနှစ်နောက်ပိုင်း အသက်ရှည်သူဦးရေ ပိုမို တိုးတက်လာတာကို တွေ့ရပါတယ်။
တိုကျိုလူဦးရေဌာနရဲ့ တွက်ချက်ထားမှုအရ ၂၀၆၀ ခုနှစ်၊ ဂျပန်နိုင်ငံလူဦးရေရဲ့ ၃၈ ဒဿမ ၁ ရာခိုင်နှုန်းက အသက် ၆၅ နှစ်အထက်မှာ ရှိမယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ၂၆ ဒဿမ ၆ ရာခိုင်နှုန်းတိုးလာတဲ့ သဘောပါပဲ။
တဖက်ကနေ ကြည့်မယ်ဆိုရင်တော့ ဂျပန်နိုင်ငံမှာ လူမွေးဖွားနှုန်းကျဆင်းနေတာကို တွေ့ရပေမယ့် ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးလူတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်နေပါတယ်။
Ref: nippon, brusselstimes
You may also like these stories:
ဂျပန်နိုင်ငံမှာသာ တွေ့ရမယ့် ထူးထူးခြားခြား အချက် ၈ ချက်
ပုံစံအမျိုးမျိုးနဲ့ ကတတ်တာကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ဂျပန်နိုင်ငံက ကြောင်လေး
နိုဝင်ဘာလမှာ ဂျပန်နဲ့ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်