ထိုင်းနိုင်ငံ တဝှမ်းမှာရှိတဲ့ ဈေးဝယ်စင်တာတွေနဲ့ Department Stores တွေမှာ ပလတ်စတစ်အိတ် အသုံးပြုမှု လျော့ချရေးအစီအစဉ်အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကစလို့ စတင်ကျင့်သုံးတော့မယ်လို့ ဆိုပါတယ်။ အဆိုပါ အစီအစဉ်ကို စင်တာတွေနဲ့ စတိုးဆိုင်ပေါင်း ၄၃ ဆိုင်က သဘောတူညီခဲ့ကြတာပါ။
ထိုင်းနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ တခါသုံး ပလတ်စတစ်အိတ် အမျိုးစားတွေဖြစ်တဲ့ ပလတ်စတစ်အိတ်၊ ပလတ်စတစ်ခွက်၊ ပလတ်စတစ် အချိုရည်သောက် ပိုက်တွေနဲ့ ပလတ်စတစ်ဖော့ဘူး အသုံးပြုတာကို တားမြစ်ဖို့အတွက် စတင် အကောင်အထည် ဖော်နေတာပါ။
ပလတ်စတစ်လျော့ချရေး အစီအစဉ်မှာ 7-Eleven, Central, HomePro, Big C စတဲ့ နာမည်ကြီးဆိုင်တွေ ပါဝင်ဖို့ သဘောတူညီခဲ့တယ်လို့ သဘာဝ အရင်းအမြစ်ဌာနမှာ တာဝန်ရှိသူတဦးက ဆိုပါတယ်။
“အစ ပထမတော့ ဝယ်နေကျ ဈေးဝယ်သူတွေအတွက် အဆင်မပြေတာမျိုး ဖြစ်နိုင်ပေမယ့် ကျနော်တို့ မျှော်မှန်းထားတဲ့ ပန်းတိုင် ရောက်ဖို့ အတူကြိုစားမယ်ဆိုရင် ပြောင်းလဲမှုအသစ်တွေ ဖြစ်လာမှာပါ”လု့ိ သူက ဆိုပါတယ်။
ဈေးဝယ်စင်တာတွေနဲ့ စတိုးဆိုင်ကြီးတွေကို ပလတ်စတစ် လျှော့ချရေး ဆောင်ရွက်ပြီးသွားရင် နောက်တဆင့်အဖြစ် နောက်နှစ်မှာ အစားအသောက်နဲ့ အချိုရည်လုပ်ငန်း နယ်ပယ်ဘက်ကို တိုးချဲ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသားငါး ဆိုင်တွေ၊ စည်ပင်ဈေးကြီးတွေနဲ့ လက်လီဆိုင်လေးတွေကအစ ပလတ်စတစ်အိတ် အသုံးပြုတာကို တားမြစ်သွားဖို့ ရှိပါတယ်။
ဝန်ကြီးဌာနဘက်က တခါသုံး ပလတ်စတစ်အိတ် အမျိုးအစား အကုန်လုံး အသုံးပြုတာကို တားမြစ်တဲ့ ဥပဒေ ၂ နှစ်အတွင်း ထွက်ရှိလာဖို့ မျှော်မှန်းထားပါတယ်။ အဆိုပါ အစီအစဉ်ရဲ့ အကျိုးရလဒ်အနေနဲ့ ပလတစ်စတစ်အိတ် သုံးစွဲမှုပမာဏ ၁ ဒဿမ ၈ ဘီလီယံနီးပါး လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။
ပလတ်စတစ် လျှော့ချရေးကို ပြည်သူတွေ ဘယ်လောက် ပူးပေါင်း ပါဝင်လာနိုင်မလဲပေါ် မူတည်ပြီး ရှေ့ဆက် လုပ်ဆောင်ရမယ့်အစီအစဉ်တွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဒီဇင်ဘာလထဲ အမျိုးသား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ ဈေးဝယ်စင်တာတွေနဲ့ စတိုးဆိုင်တွေမှာ ပလတ်စတစ်အိတ် အသုံးမပြုဘဲ ပြည်သူတွေ သတိမူမိလာအောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဆိုင်တချို့မှာတော့ အပတ်စဉ် (သို့မဟုတ်) လစဉ် ပလတ်စတစ် အသုံးမပြုရေးနေ့တွေ သူတို့ ကိုယ်ပိုင် သတ်မှတ်ပြီး ပလတ်စတစ် အသုံးပြုခြင်းကို လျှော့ချ ဆောင်ရွက်လာကြပါပြီ။
Ref: Coconuts Bangkok