အသံကျယ်ကျယ် စကားပြောခြင်းဟာ ကျန်းမာရေး ပိုမိုကောင်းကြောင်း လေ့လာတွေ့ရှိ
ဆေးသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ စကားပြောတဲ့အခါ အသံကျယ်ကျယ်နဲ့ ပြောတတ်သူတွေဟာ အသံတိုးတိုးနဲ့ စကားပြောသူတွေထက် ကျန်းမာရေး ပိုမိုကောင်းမွန်ကြတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။
The North American Menopause Society (NAMS) က ပြုလုပ်တဲ့ ဒီသုတေသန လေ့လာမှုမှာ လူပေါင်း ၃၀၀ ကျော်ခန့်ကို စမ်းသပ်လေ့လာမှု ပြုလုပ်ခဲ့တာဖြစ်ပြီး အသံကျယ်ကျယ်နဲ့ စကားပြောခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ စိတ်ဖိစီးမှုများခြင်းနဲ့ စိတ်ကျရောဂါတွေကိုသာမက နှလုံးရောဂါနဲ့ အဝလွန်ခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ကြတာပါ။
လေ့လာချက်တွေအရ စိတ်ထဲရှိတဲ့အတိုင်း စကားကို ဘွင်းဘွင်းရှင်းရှင်းနဲ့ အသံ ခပ်ကျယ်ကျယ် ပြောတတ်သူတွေဟာ တိတ်တိတ်ဆိတ်ဆိတ် နေသူတွေထက် ပိုပြီး ကျန်းမာရေးကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး အသံကျယ်ကျယ်နဲ့ မိမိရဲ့စိတ်ခံစားချက်တွေ၊ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူတွေဟာ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပွားခြင်းကနေ လျော့ကျစေနိုင်တယ်လို့လည်း လေ့လာမှု မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒီလိုမျိုး စကားကျယ်ကျယ် ပြောခြင်းအပြင် တခါတရံမှာ စိတ်ဖိစီးမှုတွေ ၊ မကျေနပ်တာတွေ များလာတဲ့အခါ အော်ဟစ်ပစ်လိုက်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာကို ပိုမိုကောင်းမွန်လာစေနိုင်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။
မိမိရဲ့ စိတ်ခံစားချက်တွေကို မျိုသိပ်ထားပြီး တိတ်တိတ်ဆိတ်ဆိတ်နေကာ ချုပ်တည်းထားနေခြင်းဟာ ရေတိုအတွက် သိပ်မသိသာပေမယ့် ရေရှည်မှာတော့ စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအထိကိုပါ ထိခိုက်စေနိုင်တယ်လို့လည်း စိတ်ကျန်းမာရေး ပညာရှင်တွေက အကြံပြုပြောဆိုထားပါတယ်။
သုတေသီတွေရဲ့ ထပ်မံလေ့လာထားတဲ့ လေ့လာချက်တွေအရ နှလုံးကျန်းမာရေး ပြဿနာရှိသူတွေအနေနဲ့ မိမိရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ထားခြင်းဟာ ရောဂါကို ပိုမိုဆိုးရွားလာစေနိုင်တယ်လို့ သိရပြီး မိမိစိတ်ထဲရှိတဲ့အတိုင်း ကျယ်ကျယ်လောင်လောင်နဲ့ ပြောဆိုခြင်းက ရောဂါကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။
Ref. brightside.me