Trend

ဆင်းရဲခြင်းဟာ ကလေးအလုပ်သမားများကို မွေးထုတ်ပေးနေ

Want create site? Find Free WordPress Themes and plugins.

ဥပဒေတွေနဲ့ ဘယ်လိုပဲ တားမြစ်တားမြစ် ကလေး အလုပ်သမားတွေကတော့ ကမ္ဘာ့နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ဆက်ပြီး ပျံ့နှံ့နေတုန်းပါပဲ။ ဆင်းရဲမွဲတေမှု၊ ပညာသင်စရိတ် ကြီးမားမှု စတဲ့ အကြောင်းတွေက ကလေး အလုပ်သမားတွေ ထပ်မံပေါ်ပေါက်ဖို့အတွက် အကြောင်းရင်းတွေ ဖြစ်နေပါတယ်။ နောက်ထပ်အကြောင်း တခုကတော့ အလုပ်လက်မဲ့ဦးရေ တိုးပွားလာနေတဲ့ ကိစ္စကြောင့်ပါ။

ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ ပြဿနာတွေက ကလေးအလုပ်သမားတွေ ပေါ်ပေါ်လာဖို့ အဓိက အကြောင်းတွေ ဖြစ်နေပါတယ်။ တရက် ဝင်ငွေ နည်းပါးတဲ့အပြင် မိသားစုဝင်တိုင်းက အလုပ်အမြဲ ရှိနိုင်ကြတာ မဟုတ်ပါဘူး။ ကုန်ဈေးနှုန်းတွေကလည်း တက်လာတဲ့အတွက်ကြောင့် နောက်ဆုံးတော့ အိမ်ရှိ လူအကုန် အလုပ်ထွက်လုပ် ကြရပါတော့တယ်။ အဲဒီထဲ ကလေးတွေ ပါလာတယ်။ မိသားစုဝမ်းရေး အတွက်ကြောင့် ပညာမသင်နိုင်ကြတော့ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းခွင်ထဲ ရောက်ကုန်ကြပါတယ်။

ကလေးတွေကို ပေးရတဲ့ လုပ်ခ၊ လစာက လူကြီးတွေကို ပေးရတာထက်စာရင် သက်သာတဲ့အတွက် ကြောင့် လုပ်ငန်းရှင်တွေကလည်း ကလေးအလုပ်သမားတွေကို ပိုသဘောကျလေ့ ရှိတတ်ပါတယ်။ ဒါကြောင့်လည်း လက်ဖက်ရည်ဆိုင်၊ ဘီယာ၊ အရက်ဆိုင်လို နေရာတွေမှာ အလုပ်လုပ်နေရတဲ့ ကလေး အလုပ်သမားတွေကို စာရေးသူတို့ တွေ့မြင်နေရပါတယ်။ ဒီကလေးတွေဟာ လုပ်ခ၊ လစာ နည်းနည်းနဲ့ နာရီပေါင်းများစွာ အလုပ်လုပ်ပေး နေကြရပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အာဖရိ က၊ အာရှနဲ့ လက်တင်အမေရိကလို နိုင်ငံမျိုးတွေဟာ ဈေးပေါတဲ့ကလေး အလုပ်သမားဦးရေ အများဆုံး ရှိနေပါတယ်။ ဒီနိုင်ငံတွေဟာ ဆင်းရဲမွဲတေ မှုနှုန်းကို လျှော့မချနိုင်ကြသေးတဲ့အတွက် အခုလို ကလေးအလုပ်သမား ဦးရေ များပြားနေရတာပါ။

အခု ၂၁ ရာစုမှာတော့ ကလေး အလုပ်သမားဦးရေက သန်း ပေါင်း ၂၅၀ နဲ့ ၃၀၄ သန်းကြား ရှိနေပါတယ်။ အများစုကတော့ အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြားအရွယ်တွေပါ။ ၂၀၀၈ ခုနှစ်က ILO (International Labour Organization) က ထုတ်ပြန်တဲ့ စာရင်းအရ အသက် ၅ နှစ်နဲ့ ၁၄ နှစ်အတွင်းရှိတဲ့ ကလေးပေါင်း ၁၅၃ သန်းလောက်က အလုပ်လုပ်နေကြရပါတယ်။

တချို့ကလေးတွေကတော့ အသက်အန္တရာယ်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေကြရပါတယ်။ ဥပမာ ဓာတ်သတ္တု တူးဖော်တဲ့ သတ္တုတွင်းလို နေရာမျိုးတွေပါ။ အဲဒီလို အသက် အန္တရာယ်ရှိပြီး ကျန်းမာရေးကို ထိခိုက်စေတဲ့ နေရာမျိုးတွေမှာ အလုပ်လုပ်နေကြတဲ့ ကလေးပေါင်းဟာ တကမ္ဘာလုံးမှာရှိတဲ့ ကလေး အလုပ်သမားတွေရဲ့ ၂၅ ရာခိုင်နှုန်းပါ။

အာရှ၊ အာဖရိကနဲ့ လက်တင် အမေရိကနိုင်ငံတွေမှာရှိတဲ့ ကလေး အလုပ်သမားတွေကို အချိုးချကြည့်ရင်တော့ အာရှက ၂၂ ရာခိုင်နှုန်း၊ အာဖရိကက ၃၂ ရာခိုင်နှုန်း၊ လက်တင်အမေရိကက ၁၇ ရာခိုင်နှုန်းနဲ့ အမေရိက၊ ကနေဒါနဲ့ အခြား ဥရောပနိုင်ငံတွေက ၁ ရာခိုင်နှုန်း ရှိနေပါတယ်။

ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ ကလေးတွေဟာ အရွယ်မတိုင်ခင် အလုပ်လုပ်ကြရတာက သဘာဝလို ဖြစ်နေပါတယ်။ မိဘတွေ ကိုယ်တိုင်ကလည်း ပညာကောင်းကောင်း မသင်ခဲ့ရတော့ အရွယ်နည်းနည်း ရောက်လာတာနဲ့ ကိုယ့်ကလေးတွေကို လုပ်ငန်းခွင်ထဲ တန်းပို့ကြပါတော့တယ်။

နောက်တချက်ကတော့ ပညာသင်စရိတ် ကြီးမားတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆင်းရဲတဲ့ မိဘကနေ မွေးဖွားလာခဲ့တဲ့ ကလေးအများစုဟာ အရွယ်မတိုင်ခင်မှာပဲ လုပ်ငန်းခွင်ထဲ ဝင်ဖို့ ဖိအားပေးခံနေရပါတယ်။ ဒါကြောင့် ဆင်းရဲခြင်းဟာ ကလေးလုပ်သားတွေကို မွေးထုတ်ပေးပါတယ်။

ဒီနေရာမှာ တန်ဇန်နီးယာ နိုင်ငံက ခီရောစ်အကြောင်း ဖော်ပြပေးချင်ပါတယ်။ တကယ်တော့ ခီရောစ်ဟာ အသက် ၁၂ နှစ်သာရှိသေးတဲ့ ကလေး တယောက်ပါ။ သူက ဘာဘာတီမြို့ရဲ့ လမ်းတွေပေါ်မှာ နေထိုင်ပါတယ်။ မြို့မဈေး ပတ်ဝန်းကျင်လို နေရာတွေမှာ ညအိပ်ပါတယ်။ အမှိုက်ပုံကြီးတွေရဲ့ နံဘေးမှာပေါ့။

အခုလို အမှိုက်ပုံဘေး အိပ်တာ သူတယောက်တည်းတော့ မဟုတ်ပါဘူး။ ညညဆို သူ့ဘေးမှာ သူ့လိုပဲ အိမ်ခြေယာမဲ့ ၁၀ ယောက်လောက် ရှိတတ်ပါတယ်။ သူတို့တွေဟာ မနက်စော စောထပြီး အလုပ်လုပ်ရလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကုန်ထမ်းသမားတွေ ဖြစ်တဲ့ အတွက်ကြောင့်ပါ။ မနက်ကတည်းက ဟိုလူ့ကုန်ထမ်း၊ ဒီလူ့ကုန်ထမ်းနဲ့ လုပ်တာဟာ ညအတော်နောက်ကျတဲ့ အထိပါ။

ဒီအလုပ်ကို ခီရောစ် လုပ်လာတာာ အသက် ၇ နှစ် အရွယ် ကတည်းကပါ။ ကုန်ထမ်းတဲ့အလုပ်က ပင်ပန်းပေမယ့်လို့ ကုန်ထမ်းခကတော့ နည်းနည်းလောက်ပဲရသလို တခါမှ အိပ်ရေးဝဝ မအိပ်ခဲ့ဖူးပါဘူး။ ကုန်ထမ်းကောင်းရင်တော့ သူ့ဝင်ငွေဟာ တရက် ၁ ဒေါ်လာလောက်တောင် မရပေမယ့် စားဖို့နဲ့ တခြားလိုအပ်တာ တွေဝယ်ဖို့တော့ လောက်ငှပါသေးတယ်။

ဒါကြောင့်လည်း ခီရောစ် တယောက် ဘယ်လောက် ပင်ပန်းပင်ပန်း၊ ဒီဈေးလေးကို မစွန့်ခွာနိုင်ဖြစ်နေတာပါ။ ကုန်ထမ်းမကောင်းတဲ့ နေ့တွေမှာဆိုရင်တော့ ခီရောစ်နဲ့ သူ့အပေါင်းအသင်းတွေဟာ ထမင်းတောင် ကောင်းကောင်း မစားရပါဘူး။ အဲဒီလိုနေ့တွေဆိုရင် အမှိုက်ပုံကိုပဲ ဟိုထိုးဒီဆွ လုပ်ရပါတော့တယ်။ တခါတလေတော့လည်း အမှိုက်ပုံကြီးဆီကနေ စားလို့ရတာလေးတွေ ရှာတွေ့တတ်ပါသေးတယ်။ အခုစား၊ ပြီးတာနဲ့ ခဏနေ ဝမ်းလျှောပေါ့။

ခီရောစ်က ကျောင်းတော့ တက်ချင်ပါရဲ့။ ဒါပေမဲ့ သူ့မှာက စာအုပ်၊ ခဲတံနဲ့ ကျောင်းဝတ်စုံဝယ်ဖို့ တောင် ပိုက်ဆံက မရှိပါဘူး။ လမ်းပေါ်ကို ဘယ်လိုရောက်လာခဲ့သလဲ ဆိုတာကိုလည်း ခီရောစ်တယောက် ခုထိမသိသေးပါဘူး။ တကယ်တော့ ကမ္ဘာကြီးဆီက ခီရောစ် လိုချင်နေတာက တခုတည်းပါ။ အဲဒါကတော့ သူ့မှာ အဝတ်အစား ကောင်းကောင်း တစုံလောက်ရှိဖို့ပါပဲ။

ခီရောစ်ဟာ ၂၀၀၈ ခုနှစ် က UNICEF (United Nation Childrens Fund) က ထုတ်ပြန်ထားတဲ့ ကလေးလုပ်သား ပေါင်း ၁၅၈ သန်းထဲက တယောက်ပါ။ ယီမင်နိုင်ငံမှာဆိုရင်လည်း အသက် ၅ နှစ် နဲ့ ၁၇ နှစ်ကြား ကလေးပေါင်း ၁ ဒဿမ ၃ သန်းကျော်ဟာ အတင်းအဓမ္မ အလုပ်စေခိုင်းခြင်း ခံနေရပြီး ၅ နှစ်နဲ့ ၁၁ နှစ်ကြားကတော့ ၅ သိန်းနီးပါးရှိတယ်လို့ စစ်တမ်းတခု မှာ ဖော်ပြထားပါတယ်။

အာရှရဲ့ ကလေးအလုပ်သမား အများဆုံး နောက်ထပ် နိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေပါ။ ဒီနိုင်ငံတွေမှာတော့ ကလေးလုပ်သားပေါင်း ၄၁ သန်းကျော် ရှိပါတယ်။ ဒါက ၅ နှစ်နဲ့ ၁၁ နှစ်ကြား အရွယ်တွေပါ။ ဒီအရွယ်တွေကတော့ ပျမ်းမျှအားဖြင့် ပိုက်ဆံရတဲ့ အလုပ်တွေကို တပတ်မှာ ၁ နာရီလောက် လုပ်ကြရပြီး အိမ်အလုပ်တွေကိုတော့ တပတ် ၂၈ နာရီလောက်ထိ လုပ်ကြရပါတယ်။

အသက် ၁၂ နှစ်ကနေ ၁၄ နှစ်အတွင်း ကလေးတွေကတော့ အခကြေးငွေရတဲ့ အလုပ်မျိုးတွေမှာ တပတ်ကို ၁၄ နာရီလောက် လုပ်ကြရပါတယ်။ အိမ်အလုပ်တွေကိုတော့ ၂၈ နာရီထက် ပိုလွန်ပြီးလုပ်ကြရပါ တယ်။ အဲဒီလို အလုပ်လုပ်နေကြရတဲ့ ကလေးတွေရဲ့ တဝက်လောက်ကတော့ မိန်းကလေးတွေပါ။

ဒီစစ်တမ်းမှာ ဖော်ပြထားတဲ့ အလုပ်အမျိုးအစား ဆိုတာကတော့ ပင်ပင်ပန်းပန်း လုပ်ရတဲ့ အလုပ်မျိုး တွေဖြစ်ပြီး အန္တရာယ်ရှိတဲ့ အလုပ် အမျိုးအစားတွေသာ ဖြစ်ပါတယ်။ အိမ်အလုပ်ဆိုရင်လည်း သာမန်အိမ် အလုပ်မျိုးလောက် မဟုတ်ဘဲ ကျွန် တယောက်လို လုပ်ရတဲ့ အလုပ်မျိုးကိုသာ ဆိုလိုပါတယ်။ အဝတ်လျှော်၊ မီးပူတိုက်စတဲ့ အလုပ်မျိုးတွေ မပါသေးပါဘူး။

အာရှတိုက်မှာတော့ လူပေါင်း ၁ ဘီလီယံလောက်နီးနီးဟာ ဆင်းရဲတွင်း နက်နေတုန်းပါပဲ။ ဒီအချက်က ကလေးအလုပ်သမားတွေ ပေါ်ပေါက်လာဖို့ တွန်းအား တခုလို ဖြစ်နေပါတယ်။ ဆင်းရဲခြင်းက ထုတ်လုပ်လိုက်တဲ့ ငတ်မွတ်မှုတွေကြောင့် ကလေးတွေဟာ အရွယ်မရောက်ခင်မှာ အလုပ်လုပ်နေကြရပါတယ်။ တကယ် တော့ ဒီကလေးတွေဟာ ရုပ်ပိုင်းအရရော၊ စိတ်ပိုင်းအရပါ အသတ်ခံလိုက်ရသလိုပါပဲ။

 

လူဦးရေ ၅၆ ဒဿမ ၃၂ သန်း ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာတော့ ၂၆ ရာခိုင်နှုန်းဟာအသက် ၁၅ နှစ် အောက် ကလေးတွေပါ။ ကလေးစစ်သားတွေ ရှိခဲ့ပေမယ့်၊ ကလေးတွေ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြရပေမယ့် လူတွေကတော့ ဒါကို လျစ်လျူရှုနေကြတုန်းပါပဲ။ ကလေးတွေ အခုလို အလုပ်ဝင် လုပ်နေကြရတယ်ဆိုတာကလည်း မိဘတွေရဲ့ ဆင်းရဲခြင်းဝန်ကို တဖက်တလမ်းကနေ ဝင်ထမ်းကြရတာပါ။

နောက်တဖက်ကနေ ကြည့်မယ်ဆိုရင်တော့ မိဘတွေနဲ့ ကလေးတွေ ကိုယ်တိုင်ကကိုပဲ ပညာရေးစနစ်ကို အထင်မကြီးကြတော့တာပါ။ ဒါကြောင့် ကျောင်းမြန်မြန်ထွက်ပြီး အလုပ် ဝင်လုပ်ကုန်ကြတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း ကြုံလာရတဲ့ ပြဿနာတခုကတော့ သက်ငယ် မုဒိမ်းမှုတွေပါ။ ဒီကိစ္စကတော့ အခုနောက်ပိုင်းမှာ ကျယ်ကျယ်ပြန့် ပြန့်ကို ဖြစ်လာပါတယ်။ မှုခင်းသတင်းတွေကို ကြည့်ရင်လည်း အဖေက သမီးအရင်းကို မုဒိမ်းကျင့်တယ် ဆိုတာမျိုးတွေက ခဏခဏ တွေ့လာရပါတယ်။ သက်ငယ်မုဒိမ်းမှုကိုဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။

အခုဆို တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံကနေ အမြှောင်မယားတွေ ဝယ်နေကြပါတယ်။ အဲဒီလို လူကုန်ကူးခံရမှုတွေမှာ အသက် ၁၄ နှစ်အရွယ်လောက်သာ ရှိကြသေးတဲ့ မိန်းကလေးတွေလည်း ပါဝင်ပါတယ်။ တကယ်တော့ တိုင်းပြည်ရဲ့ ဆင်းရဲ မွဲတေမှု၊ အလုပ်အကိုင် ရှားပါးမှု၊ အလုပ်လက်မဲ့ ပေါများမှုနဲ့ ပညာသင် စရိတ် ကြီးမားမှုတွေဟာ ကလေးအလုပ်သမားတွေ မွေးထုတ်ပေးနေသလို အရွယ်မရောက်ခင် အဓမ္မ စေခိုင်းခံရမှု၊ အဓမ္မ ပြုကျင့်ခံရမှု၊ လူကုန်ကူးမှု စတဲ့ ဆိုးကျိုးတွေကိုသာ ပိုမို ဖြစ်စေပါတယ်။

Ref: worldatlas

Did you find apk for android? You can find new Free Android Games and apps.
Loading