“Forest Gump”, “The Green Mile” နဲ့ “Apollo 13” စတဲ့ နာမည်ကျော် ဇာတ်ကားတွေကို ကြည့်ဖူးကြမယ်ဆိုရင် ဒီဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Gary Sinise ကို မှတ်မိကြဦးမှာပါ။
အနုပညာရှင် တော်တော်များများဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ဖောင်ဒေးရှင်းတွေထောင်၊ အလှူအတန်းတွေလုပ်ကာ အကူအညီလိုအပ်နေသူတွေကို လှူဒါန်းကြသလိုပဲ Gary Sinise ဟာ ဆိုရင်လည်း သူ့နည်းသူ့ဟန်နဲ့ လိုအပ်နေသူတွေကို အကူအညီပေးနေသူ တယောက်ပါ။
“Forest Gump” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Gary Sinise ဟာ လက်ရှိအချိန်မှာ “Gary Sinise Foundation” တည်ထောင်ပြီး အမေရိကန်စစ်ပြန်တွေနဲ့ တိုက်ပွဲတွင်းမှာ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ မိသားစုတွေကို အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။ Gary Sinise Foundation မှာ Snowball Express လို့ခေါ်တဲ့ ထူးခြားတဲ့ အစီအစဉ်တခု ရှိပြီး ဒီအစီအစဉ်ဟာဆိုရင် ၂၀၁၇ ခုနှစ်လောက်တည်းက စတင်ခဲ့တာပါ။
“Snowball Express” လို့်ခေါ်တဲ့ ဒီအစီအစဉ်ဟာ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ သားသမီးတွေကို ကမ္ဘာတဝှမ်းက ထူးထူးခြားခြားနေရာတွေဆီ အလည်အပတ် ပို့ဆောင်ပေးတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။ ဒီတခေါက်မှာဆိုရင်တော့ ကလေးငယ်တော်တော်များများ သွားရောက် လည်ပတ်ချင်တဲ့ Disney World ဆီကို ကလေးပေါင်း ၁၇၅၀ လောက်ကို ခေါ်ဆောင်လိုက်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။
ကလေးပေါင်း ၁၇၅၀ နဲ့ အုပ်ထိန်းသူမိဘတွေကို ၅ ညအိပ်ခရီးနဲ့ Orlando Disney Theme World ဆီ အလည်အပတ် ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး “We Remember”ဆိုတဲ့ ရင်ထိုးလေးတွေနဲ့ ကျဆုံးသွားတဲ့ စစ်သည်တွေကို ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ပြုလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး Sinise က “စစ်ပြန်ဟောင်းကြီးတွေနဲ့ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ ကျေးဇူးက နိုင်ငံသူ၊ နိုင်ငံသားတိုင်းအပေါ်မှာ ရှိနေပါတယ်။ နိုင်ငံကို ကာကွယ်ပေးတဲ့ သူတို့ရဲ့ကျေးဇူးတွေကို တတ်နိုင်သလောက် ကြိုးစားဖြည့်ဆည်းပေးနေတာပါပဲ”လို့ ဆိုပါတယ်။
Ref. www.boredpanda.com
You may also like these stories:
ကာတွန်းကားထဲက အိမ်တွေအတိုင်း ဆောက်ထားတဲ့ အိမ်များ
၂၀၁၉ ခုနှစ်မှာ Disney ရဲ့ တိုးချဲ့လာမည့် အစီအစဉ်အသစ်များ
တိုကျို Disneyland နဲ့ DisneySea ကို ခရီးသွား စံချိန်တင် ဝင်ရောက်