အငန်ဓာတ် ရှောင်သူတွေနဲ့ ရောဂါကြောင့် အငန်ဓာတ်ကို ထိန်းစားနေရသူတွေအတွက် အငန်အရသာ ထွက်စေတဲ့ လျှပ်စစ်ခက်ရင်းကို ဂျပန်သုတေသီတွေ တီထွင်ခဲ့ပါတယ်။ “Electric Flavoring Fork” လို့ နာမည်ပေးထားတဲ့ လျှပ်စစ်ခက်ရင်းနဲ့ စားလိုက်တဲ့ ဟင်းလျာတွေကို အရသာ ပိုလေးနက်စေအောင် ဖန်တီးပေးတာပါ။
အရသာပေါ့တယ်ဆိုတိုင်း စားသမျှ အစားအစာတွေကို ဆားဖြူးစားနေမိရင် ကြာလာတာနဲ့ နှလုံးရောဂါ၊ သွေးတိုးနဲ့ လေဖြတ်ရောဂါ စတဲ့ ကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်ရာ ရောက်စေပါတယ်။ ဒါကြောင့် ဆားရှောင်ရသူတွေနဲ့ ကျန်းမာရေးလိုက်စားသူတွေအတွက် အငန်အရသာ ရစေမယ့် လျှပ်စစ်ခက်ရင်းကို တီထွင်ခဲ့တာပါ။
ခက်ရင်းမှာပါတဲ့ ခလုတ်ကို နှိပ်လိုက်တာနဲ့ လျှပ်စစ်စီးဝင်သွားပြီး လျှာမှာရှိတဲ့ အရသာခံဖုလေးတွေကို လှုံ့ဆော် လိုက်တာကြောင့် စားလိုက်တဲ့ အစားအစာကို အရသာ လေးလေးပင်ပင် ခံစားမိစေပါတယ်။ ပထမဆုံး ဘက်ထရီအားသုံး လျှပ်စစ်ခက်ရင်းကို တီထွင်ခဲ့သူကတော့ တိုကျိုတက္ကသိုလ်မှ ဟီရိုမီ နာကာမူရာပါ။
ခက်ရင်းတခုကို ဂျပန်ယန်းငွေ ၂ ထောင် (အမေရိကန်ဒေါ်လာ ၁၈) လောက်ပဲ ကျသင့်တဲ့အပြင် စားသုံးသူရဲ့ အကြိုက်ပေါ် မူတည်ပြီး အချဉ်အရသာ (သို့မဟုတ်) အငန်အရသာ ခံစားမိအောင် ပြုလုပ်ပေးနိုင်စွမ်း ရှိပါတယ်။ အဆိုပါ နည်းပညာအသစ်ဟာ ရောဂါကြောင့် အငန်ဓာတ်ကို လုံးဝ စားသုံးလို့ မရသူတွေ၊ ဒါမှမဟုတ် ကန့်သတ်ချက်နဲ့ စားနေရသူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အကောင်းဆုံး လိုအပ်ချက်တခုလို့တောင် တင်စားနိုင်ပါတယ်။
လျှပ်စစ်ခက်ရင်းကို “No Salt Restaurant” လို့ နာမည်ပေးထားတဲ့ ဆားမပါတဲ့ အစားအစာတွေ တည့်ခင်းဧည့်ခံမယ့် ပွဲအတွက် အထူးစီမံ တီထွင် ထုတ်လုပ်ပေးခဲ့တာပါ။ တခါအားသွင်းထားရင် ၆ နာရီ အသုံးခံပြီး စားသုံးသူရဲ့ အရသာအကြိုက်ပေါ် မူတည်ပြီး အရသာကို Level ၃ မျိုး ရွေးချယ်နိုင်ပါတယ်။
ဂျပန်အစိုးရ၊ ကျန်းမာရေးဌာနကလည်း ဆားစားသုံးမှုကို လျော့ချရေးအတွက် နှလုံးရောဂါ၊ လေဖြတ်လေငန်းနဲ့ သွေးတိုးရောဂါ မဖြစ်အောင် အရွယ်ရောက်ပြီးသူတိုင်း တနေ့ကို ဆားပမာဏ ၆ ဂရမ်ပဲ စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။
Ref: Japan Insides