ပလတ်စတစ် သုံးစွဲမှုဟာ သုံးစွဲတဲ့အချိန်မှာရော၊ သုံးပြီးစွန့်ပစ်တဲ့အချိန်မှာပါ သဘာဝပတ်ဝန်းကျင်ကိုရော ဂေဟစနစ်ကိုပါ ပျက်စီးစေတာကြောင့် ပလတ်စတစ်တွေကို ပြန်လည်အသုံးပြုနိုင်ဖို့ နိုင်ငံအသီးသီးဟာ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းနေကြတာပါ။
အခုတခါမှာဆိုရင်လည်း တောင်အာဖရိကနိုင်ငံက ဆောက်လုပ်ရေးကုမ္ပဏီတခုဟာ ပလတ်စတစ်ဘူးတွေကို ပြန်လည်အသုံးပြုပြီး လမ်းခင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံလမ်းပြင်ဆင်ရေး အဖွဲ့ချုပ်ရဲ့ မှတ်တမ်းတွေအရဆိုရင် နှစ်တိုင်းနှစ်တိုင်းမှာ လမ်းပြင်ဆင်ရေး အတွက် ဒေါ်လာ ၃.၄သန်းခန့်ကို သုံးစွဲနေရတယ်လို့ ဆိုပါတယ်။ ဒီလို လမ်းပြင်ဆင်စရိတ်တွေ သက်သာစေနိုင်ဖို့ အတွက် Shisalanga ဆောက်လုပ်ရေးကုမ္ပဏီဟာ ပလတ်စတစ်ဘူးတွေကို ပြန်လည်အသုံးချပြီး လမ်းခင်နိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
၂ လီတာဆန့် ပလတ်စတစ်ဘူးပေါင်း လေးသောင်းကျော်ခန့်ကို သုံးကာ Kwazulu-Natal ပြည်နယ်၊ Durban မြို့က မီတာ ၄၀၀ ကျော်ရှည်လျားတဲ့ လမ်းကို ပထမဆုံးအနေနဲ့ ပြင်ဆင်ခင်းကျင်းခဲ့တာ ဖြစ်ပါတယ်။
လမ်းခင်းဖို့အတွက် အသုံးပြုခဲ့တဲ့ ပလတ်စတစ်ဘူးအမျိုးအစားကတော့ နို့ထည့်တဲ့ ပလတ်စတစ်ဘူးမျိုးဖြစ်ပြီး သိပ်သည်းဆမြင့်မားကာ ထူထဲတဲ့ ပလတ်စတစ်ဘူးမျိုးပဲ ဖြစ်ပါတယ်။
ဒီပလတ်စတစ်နို့ဘူးတွေဟာဆိုရင်တော့ Polyethylene (HDPE) ပါဝင်မှုများတဲ့ ပလတ်စတစ်ဘူးအမျိုးအစားဖြစ်ပြီး အပူချိန် ၁၉၀ degree celsius ထိ အပူပေးလိုက်တဲ့အခါ အရည်ပျော်ကျကာ လမ်းခင်းဖို့အတွက် အသုံးပြုနိုင်လောက် တဲ့ ဖြည့်စွက်ပစ္စည်းအနေအထားကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။
ဒီလိုပလတ်စတစ်ဘူးတွေကို ဖြည့်စွက်ပစ္စည်းအနေနဲ့ ထည့်သွင်းပြီး နိုင်လွန်ကတ္တရာလမ်းအဖြစ် ခင်းလိုက်ခြင်းဟာ နှစ်တိုင်းလိုလို လမ်းပြုပြင်နေရတဲ့ ကုန်ကျစရိတ်ကို သက်သာစေနိုင်သလို ပျမ်းမျှအားဖြင့် နှစ် ၂၀ လောက်ကြာရှည် ခံနိုင်တယ်လို့လည်း Shisalanga ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ရှိသူတဦးက ဆိုပါတယ်။
အခုခင်းလိုက်တဲ့ လမ်းဟာ ပလတ်စတစ်ဘူးတွေသုံးပြီး ခင်းတဲ့ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံးလမ်းဖြစ်ပြီး နောက်ထပ်လမ်းတွေကိုလည်း ဒီနည်းလမ်းအတိုင်းပဲ ခင်းသွားဖို့ Project တွေ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
Ref. cnn.com