Trend

ပါကစ္စတန်နိုင်ငံက မီးရထားတစင်း မီးလောင်မှုကြောင့် လူများစွာ သေဆုံး

အောက်တိုဘာလကုန် ရက်ပိုင်းမှာ မီးလောင်မှုတွေဟာ တောက်လျှောက် ဆိုသလိုပဲ ဖြစ်ပွားနေပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ နာဟာမြို့က Shuri ရဲတိုက်ကို မီးလောင်ကျွမ်းပြီး သိပ်မကြာခင်မှာပဲ ပါကစ္စတန်နိုင်ငံက မီးရထားတစီးကို မီးလောင်ကျွမ်းခဲ့ပြန်ပါတယ်။

မီးရထားကို မီးလောင်ကျွမ်းခဲ့မှုကြောင့် အနည်းဆုံး လူ ၇၄ ယောက် သေဆုံးခဲ့ရပါတယ်။ မီးရထားဟာ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ကနေ Rawalpindi မြို့ကို ပြေးဆွဲနေတဲ့ မီးရထားဖြစ်ပြီး ရထားတွဲ ၃ တွဲကို မီးလောင်ကျွမ်းခဲ့ပါတယ်။

မီးရထားဝန်ကြီးဖြစ်တဲ့ Sheikh Rashid ကတော့ မီးလောင်းကျွမ်းမှုဟာ ရထားပေါ်မှာပါလာတဲ့ ခရီးသည်တွေ မနက်စာ ချက်ပြုတ် စားသောက်ရာမှာ အသုံးပြုတဲ့ Gas အိုး ပေါက်ကွဲရာကနေ စတင်ခဲ့တယ်လို့ ပြောပါတယ်။ ရထားပေါ်ပါလာတဲ့ ခရီးသည်တချို့ရဲ့ မဆင်မခြင် အပြုအမူကြောင့် မီးလောင်ကျွမ်းခဲ့ရတာဖြစ်ပြီး လူဒါဇင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

ဒေသတွင်း သတင်းဌာနတွေကတော့ မီးလောင်နေတဲ့ ရထားပေါ်ကနေ ခုန်ချဖို့ကြိုးစားခဲ့ကြတဲ့ ခရီးသည်အများစု အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ လူပေါင်း ၄၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးသူအရေအတွက်ကလည်း ထပ်မံတိုးလာဖွယ် ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မီးလောင်ကျွမ်းမှုဟာ Rahim Yar Khan မြို့အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးရထားဟာ ကရာချိမြို့ကနေ Rawalpindi မြို့ဟာ နေ့စဉ်ပြေးဆွဲနေတဲ့ ရထားပါ။

မီးလောင်ကျွမ်းမှုကနေ လွတ်မြောက်လာတဲ့ Shahid Imran ဆိုသူကလည်း လူတွေအော်ဟစ်သံတွေ ကြားရတော့မှ ရထားမီးလောင်နေတာကို သတိပြုမိခဲ့ပြီး ဇနီးဖြစ်သူကို ရထားပြတင်းကနေ အပြင်ကို တွန်းချခဲ့ပါတယ်။ ပြီးတော့မှ သူလည်း ရထားပြတင်းကနေ အပြင်ကို ခုန်ချခဲ့ပါတယ်။ သူ့အနေနဲ့ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် မရခဲ့ပေမယ့် ဇနီးဖြစ်သူကတော့ ဦးခေါင်းကို ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။

ဆေးရုံဆရာဝန်ကလည်း မီးလောင်ကျွမ်းမှုကနေ လွတ်မြောက်လာသူ အများစုမှာ ခြေလက် ကျိုးတာတွေ ၊ ဦးခေါင်း ထိခိုက်မိတာတွေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မီးလောင်ကျွမ်းထားတာ တွေများတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ရထား မတော်တဆမှုတွေ အများဆုံး ဖြစ်ပွားနေတဲ့ နိုင်ငံစာရင်းထဲ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ရထား မတော်တဆမှုကြောင့် လူ ၁၁ ယောက် သေဆုံးခဲ့ရပြီး စက်တင်ဘာလအတွင်းမှာလည်း လူ ၄ ယောက် သေဆုံးခဲ့ပါသေးတယ်။

Ref: bbc, breakingtravelnews

You may also like these stories:

ဂျပန်နိုင်ငံ၊ ကျိုတိုမှာ ရှိတဲ့ Animation Studio မီးရှို့ခံရမှုကြောင့် လူ ၁၂ ဦးထက် မနည်း သေဆုံး

Loading